မြန်မာအသင်းအတွက် ကစားသမားရွေးချယ်ရာ တွင် အခက်တွေ့ရကြောင်း နည်းပြ ဖက်ချ်တန်ဘိုင်နာ ဝန်ခံ

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းအတွက် ကစားသမားရွေးချယ်ရာမှာ အခက်အခဲတွေ့ခဲ့ရ ကြောင်း နည်းပြမိုက်ကယ်ဖက်ချ်တန်ဘိုင်နာက ပြောသွားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အရှေ့တီမောကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အင်ဒိုနီးရှားဘောလုံးလောကနဲ့ နှိုင်းယှဉ်ပြောကြားရာမှာ မြန်မာအသင်းရဲ့ အခက်အခဲကို နည်းပြက ပြောပြခဲ့တာပါ။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ် အဖြစ် မေလ ၄ ရက်နေ့မှာ အင်ဒိုနီးရှား ယူ-၂၂အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
သူဟာအင်ဒိုနီးရှားကလပ် ဘင်တန်မက်ဒန်အသင်းမှာ တစ်ရာသီကြာ နည်းပြချုပ်အနေနဲ့ တာဝန်ယူခဲ့ဖူးပါတယ်။
အင်ဒိုနီးရှားမှာ နည်းပြလုပ်ခဲ့တဲ့ အတွေ့အကြုံအရ သူတို့ဆီမှာ ကစားသမားကောင်းတွေထွက်ပေါ် နေတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်ပြိုင်ပွဲရှိပြီး မြန်မာလိဂ်အခြေအနေနဲ့ မတူညီကြောင်း ဖက်ချ်တန် ဘိုင်နာကပြောပါတယ်။
နည်းပြ ဖက်ချ်တန်ဘိုင်နာက “လက်ရှိအနေအထားရ ကျနော်တို့မှာ ကစားသမားရွေးချယ်ဖို့ ခက်ခဲမှုတွေရှိပါတယ်။ လက်ရှိအသင်းမှာ အတွေ့အကြုံရှိကစားသမားက သုံးဦးပဲရှိတယ်။ ကျန်တဲ့ ကစားသမားတွေက ယူ-၁၈၊ ယူ-၁၉ အရွယ်တွေဖြစ်ပြီး နုနယ်လွန်းတဲ့အသင်းပါ။ အင်ဒိုနီးရှားနဲ့ပွဲက အရေးကြီးပြီး ရလဒ်ကောင်းရဖို့ ကြိုတင်ပြင်ဆင်သွားရပါမယ်” လို့ ပြောပါတယ်။
အုပ်စုတွင်းပြိုင်ဘက်တွေက မတူညီတဲ့အသင်းတွေဖြစ်လို့ တစ်ပွဲချင်းစီကို မတူညီတဲ့ နည်းဗျူဟာတွေနဲ့ ချဉ်းကပ်သွားရမှာဖြစ်ကြောင်းလည်း နည်းပြ ဖက်ချ်တန်ဘိုင်နာက ပြောသွား ပါတယ်။
မြန်မာအသင်းဟာ မနေ့က အာဆီယံအသင်းတွေထဲမှာ အားအနည်းဆုံးဖြစ်တဲ့ အရှေ့တီမောအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကစားရာခဲ့ရာမှာ ခက်ခက်ခဲခဲနဲ့ ကစားရခဲ့ပြီးမှ (၁-၀) နဲ့ အနိုင်ခဲ့တာဖြစ်ပါတယ်။
တီမောအသင်းနဲ့ ပွဲစဉ်မှာ ပထမပိုင်းကစားပုံ ကောင်းခဲ့ပြီးတော့ ဂိုးတိုင်ထိထွက်တာ အပါအဝင် ဂိုးရသင့်လျက် မရခဲ့ဘူးလို့ နည်းပြ ဖက်ချ်တန် ဘိုင်နာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ကျနော်တို့ ဂိုးရမယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပုံကိုတော့ စိတ်တိုင်းကျမှု မရှိပေမဲ့ အနိုင်ဂိုး ရခဲ့လို့ ကျေနပ်ပါတယ်။ ပွဲဦးထွက် အနိုင်ရဖို့က အရေးကြီးတာကြောင့် ကျနော့်ကစားသမားတွေ ကြိုးစားအားထုတ်မှု အတွက် ဂုဏ်ယူပါတယ်။ ဒီနေ့ပွဲ ကစားပြီး တစ်ရက်ပဲ အနားရတာမို့ အင်ဒိုနီးရှားနဲ့ ပွဲအတွက် သေချာပြင်ဆင်သွားပါမယ်။”
မြန်မာအသင်းခေါင်းဆောင် ဇော်ဝင်းသိန်းကလည်း ဖန်တီးခွင့်တွေပြုလုပ်နိုင်ခဲ့ပေမဲ့ အဆုံးသတ် ကံမကောင်းခဲ့ကြောင်း၊ နိုင်ပွဲရရှိမှုအတွက် အသင်းဖော်အားလုံးကို ဂုဏ်ယူပါကြောင်း၊ နည်းပြ ညွှန်ကြားချက်အတိုင်း ကစားနိုင်ခဲ့ပေမဲ့ အမှားအယွင်းများ ရှိနေသေးပြီး နောက်လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းမွဖို့ ပြင်ဆင်ကြိုးပမ်းသွားမယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Photo-MFF