close

ထိုင်း Move Forward Party အမတ်နေရာ ၁၆၀ နိုင်ရန် လျာထားပြီး အစိုးရဖွဲ့နိုင်မည်ဟု ယုံကြည်

ထိုင်းနိုင်ငံမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး နီးလာတာနဲ့အမျှ သက်ဆိုင်ရာပါတီတွေ အပြိုင်မဲဆွယ်နေရာမှာ လူငယ်တွေကြား ရေပန်းစားတဲ့ ကလောက်ကိုင်ပါတီ (Move Forward Party) က သွားလေရာနေရာတိုင်း ခြိမ့်ခြိမ့်သဲအားပေးမှုခံရပြီး ရေပန်းစားမှု အရှိန်မြင့်နေပါတယ်။

အသက် ၄၂ သာရှိသေးတဲ့ ပါတီခေါင်းဆောင် ထိမ်း ဖိထား လိုမ့်ကျ ရွန်းရတ်နဲ့ အဖွဲ့ဟာ မနေ့က နွန်ထပူရီနယ်မြေထဲ မဲဆွယ်စည်းရုံးရာမှာ လူပေါင်း ၄,၀၀၀ ကျော် လာရောက်အားပေးခဲ့ကြပါတယ်။

ပြည်သူအတွက် ထိုင်ခုံပေါင်း ၂၀၀ သာ စီစဉ်ထားပေမဲ့ ထောင်နဲ့ချီ လာရောက်အားပေးတာကြောင့် ပါတီခေါင်းဆောင် ဖိထားက ကျေနပ်အားရကြောင်း၊ ဒီလိုအခြေအနေမျိုးမှာ သူတို့ပါတီလမ်းကြောင်းဟာ အစိုးရအိမ်တော်ကလွဲလို့  တခြား ရွေးချယ်စရာ လမ်းမရှိတော့ကြောင်း၊ တနိုင်ငံလုံးမှာ အမတ်နေရာပေါင်း ၁၆၀ ရဖို့ လျာထားပြီး ကိုယ်တိုင်အစိုးရဖွဲ့နိုင်ဖို့ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောသွားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေရဲ့ အားပေးမှုအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တမ်းတွေ ကောက်ယူနေကြရာမှာ မနေ့ကထုတ်ပြန်တဲ့ Nida Poll ရဲ့ စစ်တမ်းအရ ဝန်ကြီးချုပ်နေရာမှာ Move Forward Party ခေါင်းဆောင် ထိမ်း ဖိထားက ဖွေ့ထိုင်းပါတီခေါင်းဆောင် အုန်အင် ခေါ် ဖဲထောင်းထန်းကို ကျော်တက်သွားသလို The Nation Poll ရဲ့ ဒီကနေ့ စစ်တမ်းထုတ်ပြန်ချက်မှာလည်း ဖိထားက ထိပ်ဆုံးကို ရောက်သွားပါတယ်။

The Nation Poll စစ်တမ်းက ဧပြီ ၂၄ ရက်မှ မေလ ၃ ရက်နေ့ထိ တနိုင်ငံလုံးရှိ မဲဆန္ဒနယ်မြေပေါင်း ၃၆၇ နယ်မြေရှိ လူပေါင်း ၁၁၄,၄၅၇ ဦးကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဝန်ကြီးချုပ်နေရာမှာ ထိမ်းဖိထားက ၂၉ ဒသမ ၃၇ ရာခိုင်နှုန်းနဲ့ ပထမ၊ ဖဲထောင်းထန်းက ၂၇ ဒသမ ၅၅ နဲ့ ဒုတိယ၊ ဆေထာထဝီးဆင် (ဖွေ့ထိုင်းပါတီ) က ၁၃ ဒသမ ၂၈၊ ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်အိုးချားက ၈ ဒသမ ၈၅ အသီးသီးရပြီး ဘယ်သူမှန်းမသေချာတာက ၅ ဒသမ ၃၅ နဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးသက်တမ်းအရှည်ဆုံး ဒီမိုကရက်ပါတီမှ ကျူရင်း ရတ်တနဝိဆစ်ကတော့ ၂ ဒဿမ ၄၉ ရာနှုန်းသာ ရရှိပါတယ်။

အခုလို ထိမ်းဖိထားက ဖွေ့ထိုင်းပါတီကို ကျော်တက်သွားရတာဟာ Move Forward Party ဟာ တိကျပြတ်သားတဲ့ မူဝါဒရှိတယ်၊ ဦးလေးကြီး (အာဏာသိမ်းစစ်ခေါင်းဆောင်တွေ) နဲ့ လုံးဝပူးပေါင်းမှာ မဟုတ်ဘူးဆိုတာ အပြတ်ကြေညာတယ်၊ ပြည်သူတွေနဲ့ အနီးစပ်ဆုံး ချဉ်းကပ်တယ်၊ ဖွေ့ထိုင်းပါတီကတော့ ဦးလေးတွေနဲ့ ပေါင်းမပေါင်းဆိုတာ ခုထိ မသေချာသေးဘူး၊ ဒီကြားထဲမှာ ဖဲထောင်းထန်းက သူ့ကိုယ်ရေးကိစ္စ (ကလေးမွေးနေတာ) ကြောင့် မဲဆွယ်စည်းရုံးရေး မဆင်းနိုင်ဘူး၊ ဆေထာထဝီးဆင်လည်း စည်းရုံးရေးဆင်းပေမဲ့ သူအဆိုပြုတဲ့ လူတယောက်ကို ဘတ် ၁၀,၀၀၀ ဒစ်ဂျစ်ဒယ်လ်ငွေ ထည့်ပေးမယ်ဆိုတဲ့ကိစ္စ မဖြစ်နိုင်တဲ့အကြောင်း ဝေဖန်ခံနေရတယ်၊ အဲဒါကြောင့် သူတို့ကိုအားပေးတဲ့လူတွေက Move Forward ဘက်ကို ရောက်သွားတဲ့သဘောပဲလို့ Nation Poll စစ်တမ်းကောက်ရေး အဖွဲ့ခေါင်းဆောင် ပရော်ဖက်ဆာ ဒေါက်တာ ချေဆထာ ဆပ်ယင်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်အိုးချားရဲ့ အခြေအနေကတော့ တိုးတက်မှုမရှိဘဲ အရင် ပထမအကြိမ် ကောက်ခံရရှိထားတဲ့ ရာခိုင်နှုန်းမှာပဲ ငြိမ်နေပြီး သူ့ကိုထောက်ခံသူတွေဟာ ထိုင်းတောင်ပိုင်း ၁၁ ခရိုင်မှာ အများဆုံးလို့ ဆိုပါတယ်။

မဲဆန္ဒနယ်မြေအသီးသီးရဲ့ လွှတ်တော်အမတ်နေရာတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းမှာတော့ ဖွေ့ထိုင်းပါတီက ၃၈ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေဆဲဖြစ်ပြီး Move Forward ပါတီကတော့ ၂၈ ဒသမ ၀၃ ရာနှုန်းမှာ ရှိနေပါတယ်။

Move Forward ပါတီရဲ့ မူဝါဒပေါင်း အချက် ၃၀၀ ရှိပြီး ပါတီအနိုင်ရရင် ဆောင်ရွက်ပေးမယ်လို့ ကတိပေးထားတဲ့အထဲမှာ မိမိဆန္ဒအလျောက်သာ စစ်မှုထမ်းရမယ်၊ လာဘ်စားမှုမရှိစေရ၊ ပွင့်လင်းမြင်သာပြီး အစစ်ဆေးခံနိုင်တဲ့အစိုးရ ဖြစ်ရမယ်၊ ခရိုင်ဝန်တွေကို မိမိခရိုင်တွင်းနေ ပြည်သူများက ရွေးချယ်တင်မြှောက်ခြင်းဖြင့် အာဏာခွဲဝေစနစ်ကျင့်သုံးမယ်၊ လယ်သမားများအတွက် မြေဧက ၅ သန်းကျော်ကို စိုက်ပျိုးနိုင်တဲ့မြေဂရန် ဖော်ပေးမယ်၊ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၄၅၀ ပေးပြီး နှစ်စဉ်တိုးပေးမယ်၊ လူပေါင်း ၁ သန်းအတွက် အလုပ်အကိုင် နေရာချပေးမယ်၊ ခရိုင်တိုင်းမှာ လျှပ်စစ်ဘတ်စ်ကားပြေးဆွဲမယ်၊ ကလေးသူငယ် ထောက်ပံ့ကြေး ၁ လ ဘတ် ၁,၂၀၀၊ လူအိုထောက်ပံ့ကြေး ၁ လ ဘတ် ၃,၀၀၀ တိုးပေးမယ်၊ စာသင်ကျောင်းမှာ ဘေးကင်းလုံခြုံသော သင်ကြားရေးစနစ်နဲ့ ဆရာများအတွက် နားချိန်ပိုရရန် စီစဉ်ခြင်း၊ လျှပ်စစ်မီတာခ ၁ ယူနစ်ကို ၀ ဒသမ ၇ ဘတ် လျှော့ပေးမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ကိုးကား - komchadluek.net

Up