close

ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံ

ဂျပန်ဝန်ကြီချုပ် ဖူမီယို ကီရှီဒါ က တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ် နဲ့ တွေ့ဆုံဖို့အတွက် မေ ၇ ရက်မှာ ဆိုးလ်မြို့ကို ရောက်ရှိလာပါတယ်။ 

မြောက်ကိုးရီးယားနိုင်ငံရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုနဲ့အတူ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မြင့်တက်လာတာကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်တွေက ဆက်ဆံရေး ပိုမိုခိုင်မာလာအောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

ကီရှီဒါရဲ့ ဒီခရီးစဉ်ဟာ ၁၂နှစ်တာကာလအတွင်း ဂျပန်ခေါင်းဆောင်တဦးအနေနဲ့ ဆိုးလ်မြို့ကို ပထမဆုံး လာရောက်မှုဖြစ်ပြီး ပြီးခဲ့တဲ့မတ်လမှာ ယွန်ကလည်း တိုကျိုမြို့ကို သွားရောက် ခဲ့ပါတယ်။ 

ဂျပန်နဲ့တောင်ကိုရီးယားအကြား နှစ်နိုင်ငံဆက်ဆံရေး   အပေါ် နှစ်ပေါင်းများစွာကြာ လွှမ်းမိုးခဲ့တဲ့ သမိုင်းဆိုင်ရာ အငြင်းပွားမှုစာမျက်နာကို သင်ပုန်းချေနိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေကြတာ ဖြစ်သလို ဒီနှစ်နိုင်ငံစလုံးရဲ့ ပြည်သူလူထုကြားမှာလည်း သံသယတွေ ရှိနေပါသေးတယ်။

တောင်ကိုရီးယားသမ္မတ ယွန် ကတော့ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် အားထုတ်ရာ မှာ ပြန်ရတာထက် ပိုပေးနေရတယ်ဆိုပြီး နိုင်ငံတွင်းဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံရဲ့ ကိုလိုနီစနစ်အရ အုပ်ချုပ်မှုအတွင်း စစ်ပွဲကာလမှာ အတင်းအဓမ္မ စေခိုင်းခံခဲ့ရ သူတွေကို လျော်ကြေးပေးဖို့ ဂျပန်ကုမ္ပဏီတွေအစား တောင်ကိုရီးယားကုမ္ပဏီတွေက တာဝန်ယူရမယ်ဆိုပြီး ယွန် က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကီရှီဒါ အနေနဲ့ နိုင်ငံရေးအရ ပံ့ပိုးမှုလိုမျိုး တစုံတစ်ရာ ပြန်ပေးဖို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။ 

လေ့လာသူအချို့ကတော့ ဂျပန်နိုင်ငံအနေနဲ့  သမိုင်းဆိုင်ရာ အမှားတွေအတွက် နောက်ထပ် တရားဝင်တောင်းပန်မှု ပြုလုပ်လိမ့်မယ်လို့ ထင်ကြေးပေးကြပါတယ်။ 

တောင်ကိုရီးယားသမ္မတ ယွန်ကိုယ်တိုင်က ဒီလိုတောင်းပန်မှုမျိုး မလိုအပ်ဘူးလို့ ယုံကြည် ကြောင်း အရိပ်အမြွက် ပြသခဲ့ပါတယ်။

Up