မြောက်ကိုရီးယားခြိမ်းခြောက်မှုကို ၃ နိုင်ငံပူးပေါင်းတန်ပြန်ရန် တောင်ကိုရီးယားသမ္မတပြော

မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုတိုးလာနေတာကို တန်ပြန်ဖို့ ဂျပန်နဲ့ အမေရိကန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ လိုအပ်တယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုးလ်က ဧပြီ ၂၇ ရက်က အမေရိကန် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်-တောင်ကိုရီးယား မဟာမိတ် ဖြစ်တည်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် နိုင်ငံတော် ခရီးစဉ် စတုတ္ထနေ့မှာ သမ္မတယွန်းက "ကိုရီးယားလူမျိုးတွေဟာ အောင်မြင်တဲ့ နိုင်ငံကို တည်ဆောက်ဖို့ စစ်အပျက်အစီးတွေကနေ ထမြောက်ခဲ့ကြပြီး ခြေလှမ်းတိုင်းမှာ အမေရိကဟာ ကိုရီးယားနဲ့ အတူ ရပ်တည်ခဲ့ပါတယ်" လို့လည်း ကွန်ဂရက်လွှတ်တော်ရဲ့ ပူးတွဲအစည်းအဝေးမှာ ပြောကြားပါတယ်။
တောင်ကိုရီးယားဟာ ယူကရိန်းပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ တက်တက်ကြွကြွ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း လွှတ်တော်ကိုပြောကြားတဲ့ မိန့်ခွန်းထဲမှာ ကတိပြုသွားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက်နဲ့ ဒုံးကျည်တွေကို စွဲလမ်းပြီး သူ့ပြည်သူတွေကို ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဒုက္ခတွေထဲ ပစ်ချခဲ့ပြီးတော့ မြောက်ကိုရီးယားရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကမ္ဘာလုံးဆိုင်ရာ သတိပြုမိဖို့ လိုကြောင်းလည်း သမ္မတ ယွန်းက ဆိုပါတယ်။
ကမ္ဘာကြီးအနေနဲ့ မြောက်ကိုရီးယားအတွက် လွတ်လပ်ရေးကို မြှင့်တင်ဖို့တာဝန်ကနေ ရှောင်လွှဲရမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ မဆင်မခြင် ပြုမူမှုကို ဟန့်တားဖို့ မဟာမိတ်အဖွဲ့ဟာ စည်းလုံးညီညွတ်စွာ ရပ်တည် ရမယ်လို့ သမ္မတယွန်းက ပြောဆိုပြီး နှစ်ပေါင်းများစွာ တင်းမာနေတဲ့ ဆက်ဆံရေးတွေ အပြီးမှာ အိမ်နီးချင်း ဂျပန်နိုင်ငံနဲ့ ပြန်ဆက်ဆံဖို့ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း အလေးပေး ပြောဆိုခဲ့ပါတယ်။
သမ္မတယွန်းဟာ ကွန်ဂရက်မှာ မိန့်ခွန်းပြောတဲ့ သတ္တမမြောက် တောင်ကိုရီးယားခေါင်းဆောင် ဖြစ်လာခဲ့ပြီး ဆိုးလ်နဲ့ ဝါရှင်တန်ကြား ရင်းနှီးတဲ့ဆက်ဆံရေးကို မီးမောင်းထိုးပြခဲ့ပါတယ်။