close

တိုက်ခိုက်ရေးနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ လေ့ကျင့်ခန်း ယူကရိန်းစစ်တပ် ပြုလုပ်

ယူကရိန်းစစ်တပ်ဟာ ဒန်ညက်စ်ဒေသက နေရာထုတ်မပြောတဲ့ လေ့ကျင့်ရေးကွင်းတစ်ခုမှာ မေ ၇ ရက်က တိုက်ခိုက်ရေးနဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ကြပါတယ်။

ရုရှားရဲ့ တည်နေရာတွေကို တိုက်ခိုက်ပုံကို အတုယူပြီး ချေမှုန်းရေးတပ်ဖွဲ့က တိုက်ခိုက်ရေးသမား တွေက သူတို့ရဲ့ ကတုတ်ကျင်းတွေမှာ  ရန်သူကို ချက်ချင်း သတ်ပစ်နိုင်တဲ့ အပူချိန်ပြင်းတဲ့ လက်ပစ်ဗုံးတွေနဲ့ လေ့ကျင့်ထားတယ်လို့ ပြောပါတယ်။

တခြားစစ်မှုထမ်းတွေက စစ်မြေပြင်မှာ ဓာတ်ရောင်ခြည်နှင့် ဓာတုဗေဒအဆင့်ကို တိုင်းတာ ဟန်ဆောင်ရင်း အကာအကွယ် မျက်နှာဖုံးတွေကို ဝတ်ဆင်ထားကြပါတယ်။

ယူကရိန်းစစ်သည်တော် အော့စ်တပ်က“ကျနော်တို့က အပြည့်အ၀ ဝင်သိမ်းပိုက် မယ့်အချိန် ဖြစ်နေလို့ ရန်သူက ဓာတု ဒါမှမဟုတ် နျူကလီးယား တိုက်ခိုက်မှုအန္တရာယ်က အမြဲရှိနေတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ ကို ရှာဖွေဖော်ထုတ်ဖို့နဲ့ ဓာတ်ရောင်ခြည်သင့်မှု အဆင့်ကို တိုးမြှင့်ဖို့ လေ့ကျင့်ပေးနေပါတယ်" လို့ ပြောပါတယ်။

ရုရှားအစိုးရက ခန့်အပ်ထားတဲ့ တာဝန်ရှိသူတွေက အဲဒီဧရိယာတွေက လူတွေကို စပြီး ကယ်ထုတ်နေလို့ ရုရှားက ထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား စက်ရုံတစ်ဝိုက် အခြေအနေဟာ အန္တရာယ်များ လာတယ်လို့ ကုလသမဂ္ဂနျူစွမ်းအင်စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက မေ ၆ ရက်မှာ ပြောပါတယ်။

အီနာဟိုဒါမြို့မှာ ပြည်သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနေလို့ ဥရောပရဲ့ အကြီးဆုံး နျူကလီးယားစက်ရုံ ဘေးကင်းကင်း လည်ပတ်နိုင်စေရေး စီမံထားဖို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာဖှယ် ဂရော့ဇီက တောင်းဆိုခဲ့ ပါတယ်။

ဒီစက်ရုံဟာ ရုရှားထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသထဲမှာ တည်ရှိပြီး ဝန်ထမ်းအများအပြားက ဒနစ်ပရိုမြစ်ရဲ့ တောင်ဘက်ကမ်းက အီနာဟိုဒါမြို့မှာ နေကြပါတယ်။

ယူကရိန်း နွေဦးပေါက်ရာသီမှာ ရုရှားတပ်တွေကို ကျယ်ကျယ် ပြန့်ပြန့် တန်ပြန်ထိုးစစ်ဆင်ဖို့ မျှော်လင့်ထားပြီး ရုရှားက ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာဒေသမှာ ထိုးစစ်ဆင်နိုင်စရာ ရှိတယ်လို့ မီဒီယာတွေက ခန့်မှန်း ထားကြပါတယ်။

Up