ဆီးဂိမ်းတွင် မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း ငွေတံဆိပ်ရ

မေ ၁၁ ရက်ညက ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘောဒီးယားဆီးဂိမ်း ခမာဖိုက်(Kun Khmer) လက်ဝှေ့ပြိုင်ပွဲ ၈၁ ကီလိုတန်း ဗိုလ်လုပွဲမှာ မြန်မာကိုယ်စားပြု လက်ဝှေ့သမား ထွန်းထွန်းမင်းက အိမ်ရှင်ကမ္ဘောဒီးယား လက်ဝှေ့သမား ပရွမ်ဆမ်နန်းကို အမှတ်နဲ့ရှုံးနိမ့်သွားပြီး ဒုတိယ ငွေတံဆိပ်ဆုသာရရှိခဲ့ပါတယ်။
ဆီးမီးဖိုင်နယ်ပွဲတုန်းက ဗီယက်နမ် လက်ဝှေ့သမား ငုယင်ဗန်ချိန်းကို အနိုင်ယူခဲ့တဲ့ ထွန်းထွန်းမင်းနဲ့ ပွဲထိုးသတ်ခြင်းမရှိဘဲ ဗိုလ်လုပွဲမှာ စောင့်ဆိုင်းနေတဲ့ ပရွမ်ဆမ်နန်းတို့ ပထမ ရွေတံဆိပ်ဆုအတွက်အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
၃ ချီထိုးသတ်ခဲ့ရာတွင် အရှုံးအနိုင်မပေါ်လို့ ဒိုင်တွေရဲ့အမှတ်အရ ပရွမ်ဆမ်နန်းက ၃ ချီမှာ ၁၀ မှတ် စီ အမှတ်ပြည့်ရရှိခဲ့ပေမဲ့ ထွန်းထွန်းမင်းက ၉ မှတ်စီသာရရှိခဲ့လို့ ၃၀-၂၇မှတ်နဲ့ ကမ္ဘောဒီးယား လက်ဝှေ့သမားက ရွှေတံဆိပ်ဆုရရှိသွားတာပါ။
ပရွမ်ဆမ်နန်းဟာ ၂၀၂၃ခုနှစ်အတွင်း မြန်မာရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ဒေးဗစ်လူဒပ်စ်(ခ) ဒေဝ နဲ့ ဆလိုဗက်ကီးယားနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို့ အစီအစဉ် ရှိပါတယ်။