ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုမှာ ညသပိတ်လုပ်ရန် လူစုနေချိန် အမျိုးသား ၂ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ မေလ ၂၅ ရက် ညပိုင်းက ညသပိတ်ပြုလုပ်ဖို့ လူစုနေချိန် ရဲကရောက်လာပြီး အမျိုးသား ၂ ဦးဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒေသခံတွေ ညသပိတ်လုပ်ဖို့ လူစုနေချိန် ည ၈ နာရီခွဲလောက်မှာ အိမ်စီးကား ၃ စီးအပြည့်နဲ့ ရောက်လာပြီး အမျိုးသား ၂ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာလို့မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးထဲမှာ သပိတ်မှတ်တမ်း ဓာတ်ပုံမှတ်တမ်းယူနေတဲ့ အန်အယ်လ်ဒီပါတီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံနဲ့ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးပါသွားတယ်လို့ ဆိုပါတယ်။
ဖားကန့်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ ပြည်သူတွေက နေ့ညမပျက် တော်လှန်ဆန္ဒပြလာခဲ့ကြတာဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကြောင့် သေဆုံးသူ ၁ ဦးနဲ့ ဖမ်းဆီးခံရသူ ၅ ဦးထိရှိလာပြီဖြစ်ပါတယ်။