close

ခင်ဦးမြို့တွင် ဒလန်ဟုသတ်မှတ်ခံထားရသူ ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အိုင်ပေါက်ကြီးကျေးရွာမှာ ဒလန်ဆိုပြီး သတ်မှတ်ခံထားရတဲ့ ဦးအုန်းခိုင်ဆိုသူကို အမည်မသိသေနတ်သမားတဦးက မေ ၂၈ ရက် မနက်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အိုင်ပေါက်ကြီး ကျေးရွာမှာ ဒီမနက် ၈ နာရီလောက်က ကျောင်းမှာ ဆရာ၊ ဆရာမတွေက ကျောင်းအပ်လက်ခံပေမယ့် ကျောင်းသားမိဘတွေက ကျောင်းမအပ်နှံကြတဲ့အပေါ် ဦးအုန်းခိုင်က ရွာထဲမှာ ဓားကိုင်ပြီး ကျောင်းသားမိဘတွေကို ဆဲဆိုခဲ့တယ်လို့ဆိုပါတယ်။ 

ရွာသားတဦးက “သူက ကြံ့ခိုင်ရေးဘက်က စည်းရုံးရေးမှူးတဲ့၊ သူက ကျောင်းမအပ်သူတွေကို ရွာထဲကို မနက်ရှစ်နာရီလောက်မှာ ရွာလယ်လမ်းမတလျှောက်မှာ ဓားကိုင်ပြီး ရန်လုပ်တာ။ အဲဒါ ၁၁ နာရီလောက်ကျတော့ မျက်နှာဖုံးစွပ်နဲ့ အမည်မသိ သေနတ်သမားက ရွာစွန်နားက သူ့အိမ်မှာဝင်ပြီး သေနတ်နဲ့ သုံးချက်ပစ်သွားတယ်။ နေရာတင် ပွဲချင်ပြီးသွားတယ်။ ကျန်တဲ့မိသားစုကိုတော့ ဘာမှ မလုပ်သွားဘူး။ သူက စစ်တပ်ထောက်ခံသူ၊ အရပ်ထဲခေါ်မယ်ဆိုရင်တော့ ဒလန်လို့ သတ်မှတ်ထားကြတာ” လို့ ပြောပါတယ်။

လာရောက်ပစ်ခတ်သူဟာ မျက်နှာဖုံးစွပ်ထားတာကြောင့် ဘယ်သူမှန်းမသိဘူးလို့ ဆိုပါတယ်။

အသတ်ခံရသူ အသက် ၅၀ နီးပါးရှိ ဦးအုန်းခိုင်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးမှူးလို့ ဆိုပါတယ်။

ညနေပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့တွေက အခင်းဖြစ်ရာနေရာကို လာရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up