ပင်နယ်တီလွဲခဲ့သည့် အမ်ဘာပေကို အပြစ်တင်ရန်မလိုဟု ဂိုးသမားဟူဂိုလိုရစ် ပြော

ယူရို ၂၀၂၀ ၁၆ သင်း ရှုံးထွက်အဆင့် ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေကို အပြစ်တင်ဖို့ မရှိကြောင်း ပြင်သစ်ဂိုးသမား လိုရစ်က ပြောပါတယ်။
အမ်ဘာပေဟာ ပြင်သစ်ရဲ့ ၅ လုံးမြောက် ပင်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့ပြီး ဆွစ်ဇာလန်ဂိုးသမား ယန်းဆွန်းမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာပါ။ အဲဒီလိုဂိုးမဝင်ခဲ့တာကြောင့် ဆွစ်ဇာလန်က ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာပါ။ ပွဲအပြီးမှာတော့ ဘောလုံးမှာ နိုင်ရင်လည်း အတူတူ ရူံးရင်လည်း အတူတူ ဖြစ်လို့ တစ်ဦးတစ်ယောက်ကို အပြစ်တင်ဖို့မလိုကြောင်း ဂိုးသမားလိုရစ်က ပြောခဲ့တာပါ။
“ပြိုင်ပွဲကထွက်ခဲ့ရတဲ့အပေါ် အားလုံးမှာ တာဝန်ရှိပါတယ်။ နာကျင်ခံစားရပြီး ဘယ်သူ့ကိုမှ လက်ညှိုးထိုးဖို့လည်းမလိုပါဘူး။ ပြိုင်ဘက်ကို အတူတကွ ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာဖြစ်လို့ နောင်တရစရာတော့လည်း မရှိပါဘူး။ ဒါပေမဲ့ ၃ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ချိန်မှာ ပိုကောင်းတဲ့ရလဒ် ရသင့်ခဲ့တာကတော့အမှန်ပါ။ ဆွစ်ဇာလန်ကို ချီးကျူးရမှာဖြစ်ပြီး သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်" လို့ လိုရစ်က ပြောပါတယ်။
ပြင်သစ်အသင်းဟာ ဦးဆောင်ဂိုးစပေးခဲ့ရပေမဲ့ ဘင်ဇီမာနဲ့ ပေါ့ဘာတို့ရဲ့ဂိုးတွေနဲ့ ပွဲချိန် ၇၅ မိနစ်အထိ ၃ ဂိုး၁ ဂိုး နဲ့ ဦးဆောင်ခဲ့တာပါ။
အဲဒီနောက် ပွဲချိန် ၈၁ မိနစ်နဲ့ မိနစ် ၉၀ တွေမှာ ချေပဂိုး ၂ ဂိုးပေးခဲ့ရပြီး ၃ ဂိုးစီသရေကျခဲ့လို အချိန်ပို၊ ပင်နယ်တီအထိ ကစားခဲ့ရာမှာ ပြင်သစ်အသင်းက ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ နုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။