ငါးသိုင်းချောင်းမြို့တွင် ဗုံး ၅ လုံးခန့် ဆက်တိုက်ပေါက်ကွဲ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဇွန်လ ၂၉ ရက် ညပိုင်းက ဗုံး ၅ လုံးလောက်ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ည ၈ နာရီခွဲလောက်ကစတင်ပြီး နေရာအနှံ့ ဗုံးပေါက်ကွဲခဲ့ပြီးနောက်ပိုင်း သေနတ်သံတွေပါ ကြားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ဗုံးက ဆက်တိုက်ပေါက်တာ ဘယ်နေရာတွေလည်းဆိုတာ မသိရဘူး။ နောက်ပိုင်း သေနတ်သံတွေပါ ကြားလာရတာ၊ ရဲတွေလည်း အပြင်မထွက်ရဲကြဘူး'' လို့ ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာတွေကို အတည်ကျမသိရသေးသလို နယ်မြေခံ ရဲတွေလည်း အပြင်မထွက်ကြဘူးလို့ ဆိုပါတယ်။
ရဲစခန်းရှေ့ဖြတ်သွားတဲ့ ဆိုင်ကယ်ကိုတော့ စခန်းထဲကနေ သေနတ်နဲ့ ၃ ချက်လောက် လိုက်ပစ်တာမျိုးရှိတယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဇွန်လဆန်းက စတင်ကာ စာသင်ကျောင်းရှေ့နဲ့ ဌာနဆိုင်ရာရုံးတွေရှေ့ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီကနေအထိဆိုရင် ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။