close

ထိုင်းတွင် လူနာ ၇၀ ရာခိုင်နှုန်း ကူးစက်မြန်ဗီဇပြောင်း Delta ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရ

       ထိုင်းနိုင်ငံတဝန်း လူနာတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကူးစက်မြန်ဗီဇပြောင်း Delta ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ရောဂါဗေဒပညာရှင်တဦးရဲ့ အဆိုကို ကိုးကားပြီး နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ဇွန်လအတွင်း ရောဂါကူးစက်မှုနမူနာ ၇၀၀ ကျော်ကို အခြေခံပြီး တွက်ချက်ရယူထားတာဖြစ်ပြီး Delta ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ကူးစက်မှု မြန်ဆန်ကာ ကူးစက်မှုဇာစ်မြစ်ကို လိုက်ဖို့ ခက်ခဲတယ်လို့ ဒေါက်တာယုံဖူဗိုရာဝမ်က ဆိုပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၁ ယောက်နဲ့ ကူးစက်မှုအသစ် ၆၂၃၀ ယောက်ရှိခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၂,၁၈၂ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၂၇၇,၁၅၁ ယောက်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

       ကူးစက်မှုအသစ်တွေထဲမှာတော့ အကျဉ်းထောင်တွေက ၂၉၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

       အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ် ပိုင်နိုင်ငံတွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်း ၆ သောင်းကျော်၊ သေဆုံးသူပေါင်း ၅,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေ ရာမှာ ရှိနေပါတယ်။

ဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ သိန်း ၆ သောင်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။

       ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၃ ဒသမ ၈၅ သန်းကျော်၊ သေဆုံးသူပေါင်း ၃ ဒသမ ၉၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၁၆၈ ဒသမ ၂၈ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up