close

မြဝတီမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများ နေ့စဉ်သေဆုံးနေ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၆ ရက်အထိ တစ်ပတ်အတွင်း နေ့စဉ်လိုလို သေဆုံးနေပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူတွေဟာ အသက် ၅၀ နှစ်နဲ့ အထက် သက်ကြီးသူတွေ အများစုဖြစ်ပြီး အသက်ရှူလမ်းကြောင်းကနေ  ဗိုင်းရပ်စ်ကူးစက်ခံရလို့ သေဆုံးကြတာဖြစ်ပါတယ်။

မြဝတီမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့  အတည်ပြုလူနာ  တစ်ရက်ကို  အယောက် ၁၀၀ အထက်ရှိနေပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေကို  မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီး ကြိုဆိုရေးစခန်းနဲ့  မဲကနယ်မြို့သစ်မှာ ထားရှိပါတယ်။ လူနာထားရှိတဲ့ စခန်းမှာ ကိုဗစ်ကူးစက်ခံရသူကို ပိုးစစ်ဆေးစရိတ်နှစ်ကြိမ်ကို ကျပ် ၂၀၀၀၀ နဲ့  တစ်ရက်စာ စရိတ် ကျပ် ၃၅၀၀ ၊  ၁၀ ရက်စာ ကုန်ကျစရိတ် ကျပ် ၅၅၀၀၀ ပေးဆောင်ရမှာပါ။ 

ဒါကြောင့် တချို့အလုပ်လက်မဲ့ ပြည်သူတွေအနေနဲ့ ရောဂါ ကူးစက်ခံရရင် ငွေကြေးကုန်ကျစရိတ် ပေးနိုင်ဖို့ အခက်ခဲများစွာကြုံတွေ့နေရတယ်လို့  မြဝတီမြို့ဒေသခံက ပြောပါတယ်။

မြဝတီမှာ  ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့်  မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှာလည်း အခက်ခဲရှိနေပြီး မြဝတီမြို့တွင်းမှာ ထိုင်းစားသုံးကုန်တွေနဲ့ အိမ်သုံးပစ္စည်းတွေလည်း စျေးမြင့်တက်နေပါတယ်။

မြဝတီတဘက်ကမ်း  ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့မှာလည်း ကိုဗစ်ကူးစက်ခံရသူ ပိုများလာတဲ့အတွက် ဆေးရုံနဲ့ ကွင်းဆေးရုံတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up