မိုးကုတ်မြို့က ဆယ်လီသော်သော်၏ဖခင် ဖမ်းဆီးနှိပ်စက်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က လူမှုကွန်ရက်မှာလူသိများတဲ့ဆယ်လီသော်သော်ကို ဖမ်းမမိတဲ့အတွက် သူ့ရဲ့ မိဘနှစ်ပါးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီးနောက် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
သော်သော်ရဲ့မိဘနှစ်ပါးကို အကြမ်းဖက်စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီးနောက် မိခင်ကို အထက်အချုပ်မှာထားကာ ဖခင်ကို အောက်အချုပ်မှာထားစဉ် ဖခင်ကို သွားတွေပြုတ်တဲ့ထိ ရိုက်နှက်ထားတယ်လို့ ဆိုပါတယ်။
သော်သော့်မိဘတွေ ဖမ်းဆီးခံရချိန်က ဆွေမျိုးတွေက သွားရောက်ညှိနှိုင်းခဲ့ပေမယ့် လွှတ်ပေးခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။
သော်သော်က မိုးကုတ်မြို့ သပိတ်စစ်ကြောင်းတွေမှာပါဝင်လှုပ်ရှားပြီး ဆိုရှယ်မီဒီယာမှာ သရုပ်ဖော်တာတွေကြောင့် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးချင်နေတာဖြစ်ပြီး သော်သော်ကိုမတွေ့တာကြောင့် မိဘတွေကိုဖမ်းဆီးသွားတာဖြစ်ပါတယ်။
သော်သော်ရဲ့မိဘနှစ်ပါးကို ဧပြီလ ၂၆ရက်နေ့ကဖမ်းဆီးသွားခဲ့ကာ အတူဖမ်းဆီးခံရတဲ့ သော်သော်ရဲ့ယောင်းမဖြစ်သူကိုတော့ ဇွန်လ ၃၀ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ သူ့ရဲ့ မိဘနှစ်ပါးကိုဆက်လက်ဖမ်းဆီးထားပါတယ်။
(ဓာတ်ပုံ- ဆယ်လီသော်သော်)