အမေရိကန်ထုတ် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၂၀ ဝယ်ယူရန် ထိုင်းအစိုးရ အတည်ပြု

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ အမေရိကန်နိုင်ငံထုတ် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၂၀ ဝယ်ယူနိုင်ဖို့ အစိုးရက ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
ဒီကာကွယ်ဆေးတွေဟာ ထိုင်းနိုင်ငံဆီ လာမယ့် အောက်တိုဘာလထဲမှာ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် ၃ သိန်းနီးပါးနဲ့ သေဆုံးသူ ၂,၃၀၀ ကျော် ရှိနေတာဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
ဒေသတွင်း ကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက သန်းချီကူးစက်ခံထားရပြီး တတိယနေရာမှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရ သူ ၇ သိန်း ၉ သောင်းကျော်နဲ့ ရှိနေတာပါ။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်း ၆ သောင်းကျော်၊ သေဆုံးသူ ၃,၄၆၁ ယောက် ရှိနေပါတယ်။
ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၈၅ သန်းနီးပါး ရှိ လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၄ သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။