close

အတိုင်ပင်ခံနှင့်အတူနေ မိသားစုအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးဟု ရှေ့နေပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ မိသားစုဝင်အားလုံး ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသွားပြီလို့ သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဇူလိုင် ၆ ရက်နေ့ရုံးချိန်းအပြီးမှာ ပြောပါတယ်။ 

ဇူလိုင် ၆ ရက်နေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတနဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့  အတိုင်ပင်ခံကိုစွဲဆိုထားတဲ့ ဘေးအန္တရာယ်ဆိုင်ရာပုဒ်မတို့အတွက် တရားလိုတွေကိုဆက်လက် စစ်ဆေးခဲ့တယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဇူလိုင် ၆ ရက်နေ့ ရုံးချိန်းမတိုင်ခင် ခေါင်းဆောင်တွေနဲ့ ရှေ့နေတွေဟာ မိနစ်သုံးဆယ်ကျော်တွေ့ဆုံခွင့်ရခဲ့ပြီး ကိုဗစ်အခြေအနေနဲ့ပတ်သက်လို့ ခေါင်းဆောင်တွေက စိုးရိမ်နေတယ်လို့ဆိုပါတယ်။ 

ပြည်သူတွေအချင်းချင်း ကျန်းမာရေးအသိတွေမျှဝေပြီး သတိထားနေထိုင်ကြဖို့လည်း ပြောပါတယ်။ ကာကွယ်ဆေးထိုးဖို့အခွင့်အရေးရရင် ဆေးထိုးကြဖို့လည်း အတိုင်ပင်ခံက တိုက်တွန်းခဲတယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"ပြည်သူတွေအချင်းချင်း ကိုဗစ်အတွက် အသိပေးပြီး သတိထားနေထိုင်ကြဖို့လည်း ပြောပါတယ်။ ကျန်းမာရေးဂရုစိုက်ကြဖို့လည်းပြောပါတယ်။"

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့တာပါ။ 

ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့တဲ့အတွက် စုစုပေါင်းအမှု ၇ မှုဖြစ်ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စွဲထားတဲ့ အမှုလေးခုအတွက် တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်းတွေကတော့ မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေးသဘောတူညီချက်အတိုင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ ဆက်စစ်ဖို့  တရားရုံးက ဆုံးဖြတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up