close

ကနီတွင် တိုက်ပွဲကျန် RPG ကျည်ပေါက်ကွဲပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတရွာမှာ ဇူလိုင် ၆ ရက်နေ့ နေ့လယ်ပိုင်းက မပေါက်ကွဲသေးတဲ့ RPG ကျည်ကို စမ်းသပ်ကြည့်ရှုရာက ပေါက်ကွဲမှုဖြစ်ကာ ကလေး ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးငယ် ၂ ဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပြီး အသက် ၁၀ အရွယ် ကလေးငယ် အပါအဝင် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ဘေးရှောင်ကူညီနေသူတဦးက “လုံခြုံရေးအရ ရွာအမည်တော့ ပြောလို့မရဘူး။ လောလောဆယ် ၃ ယောက် သေတယ်၊ ၄ ယောက် ဒဏ်ရာရတယ်။ ၁၀ နှစ်ကလေးကတော့ ဆေးရုံကို ပို့ထားတယ်။ ကျန်တာတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ကနီမြို့နယ်က စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အင်အားအလွန်အကျွံ အသုံးပြုနေတာပါ။ 

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်ရောက်တဲ့အခါမှာ မသင်္ကာဖွယ်ပစ္စည်းတွေ သို့မဟုတ် ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ထားသွားလေ့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ အမှုမဲ့ စူးစမ်းကောက်ယူကြည့်ရှုတာ၊ သွားလာတာတွေ မလုပ်ဆောင်ကြဖို့လည်း လိုအပ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း  ကနီမြို့နယ်အပြင် ယင်းမာပင်၊ ဘုတလင်၊ ကသာ၊ ကောလင်း၊ ဒီပဲယင်း၊ ထီးချိုင့်၊ ခင်ဦး စတဲ့မြို့နယ်တွေမှာ  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ အကြမ်းဖက်တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up