အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အရှိန်မြှင့်လုပ်ဆောင်နေဟု စင်ကာပူ ဝန်ကြီးပြော

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေရရှိထားတဲ့ အချက် (၅) ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ စင်ကာပူ နိုင်ငံခြားရေး၀န်ကြီး ဗီဗီရန်က ပြောပါတယ်။
ဒီအချက်(၅)ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းက နှေးကွေးပြီး နည်းနည်းစိတ်ပျက်စရာကောင်းနေတယ်ဆိုတာကို အသိအမှတ်ပြုထားကြပါတယ်လို့လည်း စင်ကာပူပါလီမန်ကို ပေးပို့ထားတဲ့မေးခွန်းတွေကို စာနဲ့ ပြန်ဆို ဖြေကြားပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ပြေလည်စေဖို့နဲ့ ရေရှည်အတွက် နဂိုပုံမှန်အခြေအနေပြန်ရောက်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဦးတည်စေမယ့် သက်ဆိုင်သူတွေအားလုံး တိုက်ရိုက်ညှိနှိုင်းမှုလမ်းကြောင်းကို ပြန်ရောက်ဖို့ ရှုမြင်သုံးသပ်ချက်နဲ့အတူ ဒီလုပ်ငန်းစဉ်ကို မြန်ဆန်စေဖို့ အာဆီယံအတွင်းမှာ လုပ်ဆောင်နေပါတယ်လို့လဲ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ မြန်ဆန်၊ လွယ်ကူမှု မရှိပေမဲ့ အာဆီယံအနေနဲ့ အချက် ၅ ချက်ပါသဘောတူညီမှုနဲ့အညီ ဒီလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေပြီး ထောက်ပံ့ကူညီပေးမယ်ဆိုတဲ့ ကတိကဝတ်ကို မယိမ်းယိုင်ပါဘူးလို့လည်းစင်ကာပူဝန်ကြီးက ဆိုပါတယ်။
စင်ကာပူဝန်ကြီးဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ရဲ့အဓိကကျတဲ့အချက်တွေဟာ နိုင်ငံရဲ့အနေအထားနဲ့ကိုက်ညီတာကြောင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့တာ လို့လည်းသူက ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် လက်နက်ဝင်ရောက်မှုတွေ ပိတ်ပင်တားမြစ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက မကြာသေးခင်ကပဲ မဲခွဲဆုံးဖြတ် အတည်ပြုထားတာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ နိုင်ငံတကာလက်နက်ရောင်းချမှုနဲ့ လွှဲပြောင်းခြင်းဆိုင်ရာ နိုင်ငံတကာတာဝန်ဝတ္တရားများကို တင်းကျပ်စွာလိုက်နာပြီး ဘယ်တိုင်းပြည်ကိုမဆို ကုလသမဂ္ဂ ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေကိုမဆို စွဲမြဲလိုက်နာတယ်လို့လည်း စင်ကာပူ နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။
Photo Credit- MFASG