အဲရစ်ဆင်နှင့်ဆေးအဖွဲ့ကို ယူရိုဗိုလ်လုပွဲ ဗီအိုင်ပီတန်းမှလာကြည့်ရန် ဖိတ်ကြား

ပွဲကစားနေစဉ် ကွင်းထဲလဲကျခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ဆေးအဖွဲ့ကို ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲလာကြည့်ဖို့ ယူအီးအက်ဖ်အေက ဖိတ်ကြားထားပါတယ်။
အဲရစ်ဆင်ဟာ ဒိန်းမတ်နဲ့ ဖင်လန်တို့ကစားခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲကစားနေစဉ် နှလုံးဖောက်ပြီးကွင်းထဲမှာ လဲကျခဲ့တာပါ။
အဲရစ်ဆင်ကို ကွင်းအတွင်းရှိ ဆေးအဖွဲ့ဝင်တွေနဲ့ အသင်းဖော်တွေကို ရှေးဦးသူနာပြုစုနည်းနဲ့ ကုသပေးခဲ့ပြီး ပြန်လည် သတိရလာခဲ့တာပါ။ အဲဒီနောက်မှ အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ အဲရစ်ဆင်က ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာ အဲရစ်ဆင်နဲ့ ဇနီးနဲ့အတူ ကွင်းထဲမှာ ဆေးကုသပေးခဲ့တဲ့ ဆေးအဖွဲ့ဝင် ၆ ဦးကို ယူရိုဗိုလ်လုပွဲကြည့်ဖို့ VIP တန်းအနေနဲ့ ဖိတ်ကြားထားတာဖြစ်ပါတယ်။
ဖိတ်ကြားခံခဲ့ရတဲ့အထဲမှာ ပါဝင်တဲ့ဆေးအဖွဲ့ဝင် ပီဒါအက်ဂတ်ကတော့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖာရင်ရဲ့ ဖိတ်ခေါ်မှုအပေါ်စိတ်လှုပ်ရှားမိပြီး ခရစ္စမတ်လက်ဆောင်ရရှိတဲ့ ကလေးတစ်ဦး လို ပျော်ရွှင်မိသလို ဂုဏ်ယူကျေနပ်စရာလည်းကောင်းတယ်လို့ ပြောပါတယ်။
အဲရစ်ဆင်နဲ့ ဇနီးဘက်ကတော့ ဗိုလ်လုပွဲလာကြည့်မယ်ဆိုတာ အတည်ပြုချက် လုပ်မထားသေးဘူး လို့သိရပါတယ်။ ဒိန်းမတ် အသင်းဟာ အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ဒီနေ့ညမှာ ကစားရမှာဖြစ်ပါတယ်။