သုဝဏ္ဏဘူမိလေဆိပ်ကို ယာယီဆေးရုံအဖြစ်ပြောင်း

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကို ကုတင် ၅၀၀၀ ဆံ့ ယာယီဆေးရုံအဖြစ် ပြင်ဆင်ပြီး သြဂုတ်လကစလို့ လူနာတွေကို လက်ခံကုသပေးဖို့ မျှော်လင့်ထားတယ်လို့ ထိုင်း PBS သတင်းဌာနက ဇူလိုင် ၇ ရက်မှာ ဖော်ပြပါတယ်။
နိုင်ငံတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ ဆက်ပြီး တိုးလာနေလို့ လက်ရှိ ဆေးရုံကုတင်တွေ ပြတ်လပ်နေတာကို ဖြေရှင်းနိုင်ရေး ယာယီဆေးရုံသစ်ကို တည်ဆောက်ခဲ့တာလို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆက်ဆာယမ် ချစ်ဒ်ချုပ်ဘ်က ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက လေဆိပ်အဆောင် ၁ ရဲ့ စတုရန်းမီတာ ၁ သိန်း ကျယ်တဲ့နေရာမှာ ယာယီဆေးရုံကို တည်ဆောက်ခဲ့တာပါ။
ဒုတိယထပ်ကိုတော့ ဆရာဝန်တွေ နားနေခန်းနဲ့ အထူးကြပ်မတ် ကုသဆောင်အတွက် သုံးမှာဖြစ်ပြီး တတိယနဲ့ စတုတ္ထအထပ်တွေကိုတော့ ရောဂါနုတဲ့၊ ရောဂါလက္ခဏာ မပြတဲ့ လူနာ တွေအတွက် သုံးမယ်လို့ ထိုင်း PBS က ပြောပါတယ်။
မောင်ထောင်ဌာနီ မြို့နယ်က အင်းပက် ကုန်စည်ပြပွဲ ခန်းမကို ငှားထားတာ လာမယ့်လမှာ အချိန်စေ့တော့မယ့် အချိန်မှာ လေဆိပ်က ယာယီဆေးရုံသစ်ကို အချိန်မီ ဖွင့်လှစ်မှာလို့လည်း ဆိုပါတယ်။
လေဆိပ်က ယာယီဆေးရုံအသစ်ဟာ လူနာ ၃ ဆ ပိုပြီး လက်ခံနိုင်စွမ်း ရှိတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။