ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၈၆ သန်းကျော်၊ သေဆုံးသူ ၄ သန်းကျော်လာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၈၆ သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၄ သန်းကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရပြီး သိန်းနဲ့ချီသေဆုံးတဲ့ နိုင်ငံ ၁၀ နိုင်ငံ ရှိလာခဲ့ပြီး အဲဒီနိုင်ငံ တွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်း ၂ သောင်းကျော်၊ ကူးစက်ခံရသူ ၃၄ ဒသမ ၆ သန်းကျော်ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၅ သိန်း ၂ သောင်းကျော်၊ ကူးစက်ခံရသူ ၁၈ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရှိနေပါတယ်။
တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄ သိန်းကျော်၊ ကူးစက်ခံရသူ ၃၀ ဒသမ ၇ သန်းကျော်နဲ့ ရပ်တည်နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ပီရူး၊ ရုရှား၊ ယူကေ၊ အီတလီ၊ ပြင်သစ်နဲ့ ကိုလံဘီယာနိုင်ငံတွေမှာပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်းချီရှိလာတာကြောင့် သိန်း ချီသေဆုံးတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက် ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၁၇၀ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၂ ထောင်နီးပါး၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၁၀၁ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေး၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်စီနဲ့ အသီးသီးကူးစက်ခံထားရပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁ သိန်း ၈ သောင်းကျော်၊ သေဆုံးသူ ၃၆၀၀ ကျော်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃ သိန်းကျော်နဲ့ သေဆုံးသူ ၂,၄၀၀ ကျော် ရှိနေပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၆ ယောက်ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၈၂၅ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၁၀၂ ယောက် ရှိနေပြီး လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၄၀၀ ကျေိာ်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂၆၆ ယောက်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။