လူငယ်များ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ဟု စပိန်ကျန်းမာရေးဝန်ကြီး သတိပေး

လူငယ်တွေလည်း ကိုဗစ်-၁၉ ကပ်ရောဂါကို ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ခံစားရနိုင် တယ်လို့ စပိန်ကျန်းမာရေးဝန်ကြီးက ဇူလိုင် ၇ ရက်မှာ သတိပေးလိုက်ပါတယ်။
ကာကွယ်ဆေး မထိုးရသေးတဲ့ လူငယ်အုပ်စုတွေကြားမှာ ဒယ်လ်တာဗီဇမျိုးကွဲ ကူးစက်လာလို့ သီတင်းပတ် တပတ်အတွင်း ကူးစက်နှုန်း ၂ ဆ ကျော် တိုးလာတဲ့အတွက် လူငယ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
အသက် ၁၂နှစ်ကနေ ၁၉နှစ်ကြား လူငယ်အုပ်စုနဲ့ အသက် ၂၀ကနေ ၂၉နှစ်ကြား လူငယ်အုပ်စု ၂စု ကြားမှာ ကူးစက်ခံ တိုးလာတာကို အရေးကြီးတဲ့ တိုးနှုန်းလို့ ကျနော်တို့ ရှုမြင်တယ်လို့လည်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လတ်တလော ကူးစက်မှု အများစုဟာ စာသင်နှစ် ကုန်ဆုံးချိန် ကျောင်းသားတွေ ပါတီပွဲ ကျင်းပတာနဲ့ ဆက်စပ်နေတယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ကူးစက်မှု ထိန်းချုပ်ရေးအတွက် စပိန်ရဲ့ အရှေ့မြောက်ပိုင်းက ကာတာလန်ဒေသမှာ ဇူလိုင် ၉ ရက်က စပြီး နိုက်ကလပ်တွေကို ပိတ်ထားတော့မှာပါ။
ဂျာမနီနဲ့ ပြင်သစ်လို ဥရောပနိုင်ငံတွေဟာ အရွယ်ရောက်သူ အားလုံးကို ကာကွယ်ဆေး စထိုးပေးနေပေမဲ့ စပိန်ကတော့ သက်ကြီးအုပ်စုကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ လုပ်ဆောင် နေရဆဲပါ။
အသက် ၄၀ အထက် ပြည်သူ ၈၉ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ပထမတလုံးကို ထိုးပြီးပြီ ဖြစ်ပြီး အသက် ၂၀ ကနေ ၂၉ နှစ်ကြား လူငယ်တွေရဲ့ ၁၄ ရာခိုင်နှုန်းသာ ကာကွယ်ဆေး တလုံး ထိုးပြီးသေးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။