close

မြဝတီမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၄၆၀ ကျော်နှင့် သေဆုံးသူ ၁၇ ဦးထိ ရှိလာ

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်  မြဝတီမြို့မှာ ဇွန်လကနေ ဇူလိုင် ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၄၆၅ ဦးလောက်နဲ့ သေဆုံးသူ ၁၇ ဦးထိ ရှိကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ချုပ် စေတနာလူမူကယ်ဆယ်ရေးအသင်းက သိရပါတယ်။ 

ဇူလိုင် ၈ ရက်နေ့အထိ စာရင်းတွေအရ သင်္ဃန်းညီနောင်တိုက်နယ်ဆေးရုံအပါအဝင် မဲကနယ် ကိုဗစ် positive စင်တာမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၉၈ ဦးလောက်နဲ့ ကျောက်လုံးကြီး ကိုဗစ် positive စင်တာမှာ ၁၇၀ ဦး တို့ကို  ကန့်သတ်စောင့်ကြည့်ကုသနေကြောင်း သိရှိရပါတယ်။ 

ရောဂါကူးစက်ပြန့်ပွား သေဆုံးတာတွေ တိုးလာလို့ မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်တွေအားလုံး ဆိုင်ထိုင်စား သောက်ခြင်းတွေကို တားမြစ်ထားပြီး ပါဆယ်စနစ်နဲ့သာ ဝယ်ယူခွင့်ပြုပေးနေကာ အခြေခံပညာကျောင်းတွေကိုလည်း နှစ်ပတ် ယာယီ ပိတ်ထားပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြို့မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု ပိုများလာပြီး သေဆုံးသူတွေလည်း နေ့စဉ်ရှိလာနေတဲ့အတွက် မြဝတီမြို့ခံပြည်သူတွေကို  ညအိမ်အပြင်မထွက်ကြဖို့  ကျန်းမာရေးဌာနမှ တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင်  မြဝတီမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ည ၈ နာရီက မနက် ၄ နာရီအထိ အိမ်အပြင်လမ်းမကြီးပေါ်မသွားဖို့နဲ့ မြို့တွင်းက မြို့ပြင်ပ ခရီးမထွက်ကြဖို့ ထိုင်းနိုင်ငံ တာခ်ရိုင်မှူးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up