close

ချင်းမိုင်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်လာ၍ စာသင်ကျောင်းများ ပိတ်ထား

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲမှာ ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုမြင့်လာတဲ့အတွက် မြို့နယ်တချို့က စာသင်ကျောင်းတွေ ယာယီပိတ်ထားဖို့ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ရေး နဲ့ စီမံခန့်ခွဲရေးဌာနက ကြေညာပါတယ်။

အထူးသဖြင့် ချင်းမိုင်မြို့ပေါ်နဲ့ ဆန်ဆိုင်း၊ ဆန်ကမ်ဖိုင်း၊ ဟန်ဒုံး၊ ဆာရဖီး၊ မဲ့လိမ်း၊ ဒွိုင်စကစ် စတဲ့ မြို့နယ်က အခြေခံပညာကျောင်းတွေကို ဇူလိုင် ၈ ရက်မှ ၃၁ ရက်နေ့ထိ ယာယီပိတ်ထားဖို့  ညွှန်ကြားထားပါတယ်။

ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်တွေအနေနဲ့တော့ ပိတ်စရာမလိုပေမယ့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေကို တင်းတင်းကျပ်ကျပ်လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ တခြားမြို့နယ်က စာသင်ကျောင်းတွေလည်း ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေအလိုက် ပိတ်ထားနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မယ့်လိမ်းမြို့နယ်တွင်းရှိ အလယ်တန်းကျောင်းတကျောင်းမှာ ဘန်ကောက်ကပြန်လာတဲ့ မိဘကနေတဆင့် ကလေးကို  ကိုဗစ်-၁၉ ကူးစက်ပြီး ကလေးက မသိဘဲ ကျောင်းတက်နေတာကြောင့် အခန်းဖော်တချို့ပါ ကူးစက်ခဲ့ပါတယ်။

ချင်းမိုင်မှာ ပြီးခဲ့တဲ့လက ကိုဗစ်-၁၉ ကူးစက်သူ လျော့နည်းသွားလို့ ယာယီဆေးရုံတွေ ပိတ်သိမ်းခဲ့ပြီး ဒီဇူလိုင်လထဲမှာ တခါပြန်မြင့်လာတာပါ။  ဒီကနေ့ ထုတ်ပြန်ချက်အရ နောက်ထပ်ပိုးတွေ့လူနာ ၃၁ ဦးရှိပြီး ချင်းမိုင်ခရိုင်မှာ ပိုးကူးစက်ခံရသူစုစုပေါင်း ၄၂၉၅ ဦးရှိ သွား ပြီဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအများစုနေထိုင်ရာ စမွတ်စခွန်းခရိုင် မဟာချိုင်မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားတာကြောင့် ရွှေ့ပြောင်းလုပ်သားကလေးတွေအတွက် ဖွင့်ထားတဲ့ ကျောင်းလည်း ပိတ်ထားရတာ ၁ နှစ်ကျော်ပြီလို့ MCDC ( Migrant Children Development Center )  ကျောင်းက တာဝန်ခံ ဆရာ ဦးစောလရောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ 

       “ကျနော်တို့ကျောင်းက စာမသင်ရတာ မနှစ်ကတည်းက ၊ ကျောင်းသားဦးရေကများပြီး အခန်းကကျဉ်းတော့ ထိုင်းကျောင်းတွေလို Social distancing မလုပ်နိုင်ဘူး။ အဲတော့ ထိုင်းကျောင်းတွေက ကိုဗစ်-၁၉ စည်းကမ်းချက်နဲ့အညီ ဖွင့်နေတုန်းကတောင် ကျနော်တို့ မဖွင့်နိုင်ခဲ့ဘူး၊ ကိုဗစ်-၁၉ ပထမလှိုင်း ၊ ဒုတိယလှိုင်းပါးသွားတဲ့အချိန် ပြန်ဖွင့်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့က မြန်မာပြည်က ပညာရေးစနစ်အတိုင်းပဲ သင်တယ်ဆိုတော့ မြန်မာပြည်မှာ ကျောင်းတွေပိတ်လိုက်ချိန်နဲ့ကြုံတော့ ကျောင်းဖွင့်ဖို့ရာ အဆင်မပြေပြန်ဘူး၊ အခုကျနော်တို့ စာသင်ခန်းက ယာယီဆေးရုံဖြစ်လိုက် ကွာရန်တင်းစင်တာဖြစ်လိုက်နဲ့ပေါ့”။

အခုလို ကျောင်းပိတ်ထားတော့ ကလေးတွေ ပညာကောင်းစွာမသင်နိုင်သလို ဆရာ ဆရာမတွေလည်း အလုပ်လက်မဲ့ ဝင်ငွေမဲ့နေကြောင်း ၊ ရွှေ့ပြောင်းလုပ်သားအနေနဲ့ ရရာအလုပ်ဝင်လုပ်တော့လည်း ပြည်ဝင်ခွင့်ဗီဇာမှာ ရွှေ့ပြောင်းလုပ်သားအဖြစ်ပြန်ပြောင်းဖို့ ခက်ခဲနေသလို တချို့ဆရာ/ဆရာမတွေ ပြည်တွင်းပြန်ဝင်သွားပြီး ပြန်လာဖို့လည်းခက်ခဲနေပြန်တယ်လို့ ဆိုပါတယ်။

မဟာချိုင် MCDC ကျောင်းမှာ ကျောင်းသားပေါင်း ၅၀၀ ကျော်ရှိပြီး ဆရာဆရာမ ၁၇ ဦးရှိပါတယ်။ မဟာချိုင်မှာ ရွှေ့ပြောင်းလုပ်သားကလေးတွေအတွက်ဖွင့်ထားတဲ့ စာသင်ကျောင်း သုံး လေး ကျောင်းရှိပြီး အဆိုပါကျောင်းတွေလည်း ကိုဗစ်-၁၉ ကြောင့် အနည်းနဲ့အများ ထိခိုက်မှုရှိနေပါတယ်။ 

အလားတူ မြန်မာအများစုနေထိုင်ရာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာလည်း ကိုဗစ်-၁၉ ပထမလှိုင်းကတည်းက ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းတွေပိတ်ထားရပြီး အွန်လိုင်းစနစ်နဲ့ သင်ကြားပေမယ့် လူတိုင်းကွန်ပြူတာလက်တော့ပ်တွေ မသုံးနိုင်ဘူးလို့  ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ၁၈ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ပထမလှိုင်းစဖြစ်တယ်၊ အဲဒီကတည်းက မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ၅ မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားစာသင်ကျောင်းတွေ ထိုင်းအစိုးရ အသိအမှတ်ပြုထားတာ ကျောင်းပေါင်း ၇၀ ရှိတယ်။ အဲဒါတွေ အကုန်ပိတ်ထားရတယ်။ ဒီဇွန်လ ၂၈ ရက်နေ့မှာ ဖွင့်ခွင့်ရမယ်လို့ ဖြစ်ပြီးကာမှ မဲဆောက်မှာ ဇွန်လ ၂၅ ရက်နေ့ကစပြီး ကိုဗစ်-၁၉ တတိယလှိုင်း ပြန်လာတော့ ပြန်ပိတ်သွားတာပေါ့။ မဖွင့်ဖြစ်ဘူးပေါ့ ၊ ဒီကြားထဲမှာ အွန်လိုင်းစနစ်နဲ့ သင်တာတော့ရှိတယ်။ ဒါပေမဲ့ အလုပ်သမားသားသမီးအများစုက ဆင်းရဲနွမ်းပါးတော့ ကွန်ပြူတာတွေ လက်တော့ပ်တွေ အင်တာနက်တွေ မသုံးနိုင်တော့ အခက်အခဲရှိပြန်တယ်၊  ကျောင်းသားအင်အားရဲ့ ၄ ချိုး ၁ ချိုးလောက်ပဲသင်လို့ရတာပေါ့”။

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှု ဒီကနေ့အခြေအနေမှာ နောက်ထပ် ကူးစက်ခံရသူ ၉၂၇၆ ဦးရှိပြီး သေဆုံးသူ ၇၂ ဦးရှိပါတယ်။ အခုဆိုရင် ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၂၈၈၆၄၃ ဦးရှိပြီး ၂၁၂၆၅၁ ဦး သက်သာပျောက်ကင်းကာ ၂၅၃၄ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up