လေဆိပ်နှင့်ဆိပ်ကမ်းများကာကွယ်ရန် နိုင်ငံတကာတပ်ဖွဲ့များကို ဟေတီအစိုးရ အကူအညီ တောင်း

ဟေတီသမ္မတ ဂျိုဗစ်နယ်လ်မိုအိဇ် လုပ်ကြံခံရမှုအပြီးမှာ လေဆိပ်နဲ့ဆိပ်ကမ်းတွေလို အခြေခံအဆောက်အဦတွေကို ကာကွယ်ဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂ လုံခြုံရေး တပ်ဖွဲ့တွေကို ဟေတီအစိုးရက အကူအညီ တောင်းခံလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဟေတီနိုင်ငံရဲ့ ယာယီ၀န်ကြီးချုပ် ကလောက်ဒီဂျိုးဇက်နဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်တို့အကြား စကားပြောဆိုမှုမှာ အမေရိကန်လုံခြုံရေးအကူအညီ တောင်းခံတာလို့ ရွေးကောက်ပွဲ၀န်ကြီး မက်သီးရက်စ်ပီယာက ဇူလိုင် ၉ ရက်က ပြောပါဆိုပါတယ်။
ကြာသပတေးနေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ ဟေတီအစိုးရက တောင်းဆိုခဲ့ပါတယ်။
လုံခြုံရေးအားဖြည့်ဖို့ တောင်းဆိုမှုရဲ့ နောက်ရည်ရွယ်ချက်တစ်ခုမှာ စက်တင်ဘာ ၂၆ ရက်မှာ သမ္မတနဲ့ ဥပဒေပြုရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ဖြစ်တယ်လို့ ရွေးကောက်ပွဲ၀န်ကြီးက ပြောပါတယ်။
ကိုလံဘီယာနိုင်ငံကလည်း ဟေတီသမ္မတ လုပ်ကြံခံရမှုနဲ့ သူ့နိုင်ငံသားတွေကို ဟေတီ အာဏာပိုင်တွေ ဖမ်းဆီးထားမှုတွေနဲ့ပတ်သက်ပြီး ဟေတီနိုင်ငံကို အကူအညီပေးဖို့ ဥပဒေ စိုးမိုးရေးနဲ့ ထောက်လှမ်းရေးအရာရှိတွေ စေလွှတ်ပေးသွားမယ်လို့ ဇူလိုင် ၉ ရက်မှာ ပြောထားပါတယ်။
ဟေတီသမ္မတကို သတ်ဖြတ်မှုမှာ ကိုလံဘီယာနိုင်ငံသား ၂၆ ဦးနဲ့ ဟေတီ-အမေရိကန် ၂ ဦး ပါဝင်တဲ့ ကြေးစားကွန်မန်ဒိုအဖွဲ့က လုပ်ကြံတာလို့ ဟေတီရဲတွေက ထုတ်ပြန်ထားတာပါ။
ဟေတီသမ္မတဟာ ကျည်ဆန်ရာ ၁၂ ချက်နဲ့ ဘယ်ဘက်မျက်လုံး ပျက်စီးသွားတယ်လို့ ဒေသခံခုံရုံးတရားသူကြီးက ပြောပါတယ်။
ကြာသပတေးနေ့က ပို့တ်အောပရင့်စ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးရမိထားတဲ့ ၁၇ ယောက်ကို ဂျာနယ်လစ်တွေရှေ့မှာပဲ ထိန်းသိမ်းထားတာဖြစ်ပါတယ်။
အမေရိကန်နှစ်ဦးဖြစ်တဲ့ ဂျိမ်းဆိုလာဂက်စ် (၃၅ နှစ်) နဲ့ ဂျိုးဇက်ဗင်းဆင့်(၅၅ နှစ်) တို့ကတော့ ဖလော်ရီဒါမှလာတာဖြစ်ပြီး အဲ့ဒီထဲက တစ်ယောက်ဟာ ပို့တ်အောပရင့်စ်မြို့ရှိ ကနေဒါသံရုံးမှာ ကိုယ်ရံတော်အဖြစ် လုပ်ကိုင်ခဲ့တယ်လို့ ဟေတီရဲချုပ်က ပြောပါတယ်။
ကိုလံဘီယာစုံစမ်းစစ်ဆေးမှုတွေအရ အဲဒီထဲက ၁၇ ယောက်ဟာ ကိုလံဘီယာစစ်တပ်ကနေ ၂၀၁၈ ကနေ ၂၀၂၀ အတွင်း အငြိမ်းစားယူခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ၁၇ ဦးအပြင် ရဲတွေနဲ့အပြန်အလှန် တိုက်ခိုက်မှုအတွင်း ၃ ဦး သေဆုံးသွားပြီး ၈ ယောက်က ထွက်ပြေးနေတယ်လို့ ဟေတီရဲတွေက ပြောပါတယ်။ ဒီလုပ်ကြံမှုနောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ လိုက်ရှာနေတယ်လို့ ဆိုပါတယ်။
သောကြာနေ့ကတော့ ပို့တ်အောပရင့်ရှိအမေရိကန်သံရုံးအပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ ဟေတီ လူမျိုးတွေ စုရုံးပြီး တရားမျှတမှုအတွက် အကူအညီ တောင်းဆိုခဲ့ကြပါတယ်။ ခုတော့ ဟေတီကျွန်းနိုင်ငံကို ၁၅ ရက်တာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။