ရေစကြို လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် လျှပ်စစ်ရုံးမှာ ဇူလိုင် ၁၀ ရက် ဒီနေ့ညနေ ၃ နာရီလောက်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့ ပါတယ်။
ပျက်စီးဆုံးရှုံး ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးပေမယ့် စစ်ကောင်စီတပ်တွေကတော့ မြို့ပေါ်မှာ သေနတ်တွေနဲ့ရမ်းပစ်ပြီး ကား၊ ဆိုင်ကယ်တွေကို လိုက်လံစစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့နယ်၊ လျှပ်စစ်ရုံးနဲ့ ရုံးဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကို အခွန်မဆောင်ရေး လှုပ်ရှားသူ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်နေတာဖြစ်ပါတယ်။
ပြည်သူတွေအပေါ် ခုလိုလုပ်ဆောင်နေတဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမယ်လို့ ရေစကြို PDF က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန် သတိပေးထားပါတယ်။
ခုရက်ပိုင်း စစ်ကောင်စီရဲ့လျှပ်စစ်ဌာနက မီတာခတွေပေးဆောင်ကြဖို့ နှိုးဆော်နေတာရှိသလို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ လျှပ်စစ်ရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်ပွားနေပါတယ်။