ပုသိမ်တွင် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ၁၀ ဦးကျော် ကိုဗစ်ပိုးတွေ့သဖြင့် ဘဏ်ပိတ်ထားရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ၁၀ ဦးကျော် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတာကြောင့် ဇူလိုင် ၁၃ ရက်နေ့က စတင်ကာ ဘဏ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
ဘဏ်ဝန်ထမ်း ၁၀ ဦးကျော် အတည်ပြုလူနာဖြစ်ပြီး ကျန်တဲ့ဝန်ထမ်းတွေပါ ဖျားနာနေတာကြောင့် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ခုလိုပိတ်ခဲ့တာလို့ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုပါတယ်။
“တော်တော်များများ ဖျားနေတော့ ပိတ်လိုက်တာ၊ အတည်ပြုလူနာလည်း ၁၀ ဦးကျော်ရှိပြီ၊ ဆက်ဖွင့်နေရင် ဒီထက်ပိုဆိုးလာမှာ။ အဲဒါကြောင့် ပိတ်လိုက်တာ ထင်တယ်”လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ ဇူလိုင်လဆန်းပိုင်းကစတင်ကာ ကိုဗစ်ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး သေဆုံးသူ ဇူလိုင် ၁၂ ရက်နေ့ထိ ၁၀၀ ကျော်ထိရှိလာပြီ ဖြစ်ပါတယ်။
ရောဂါကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ပုသိမ်မြို့ဟာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အမိန့်ကြေညာထားပေမယ့် ခုချိန်ထိ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။