close

မော်လမြိုင်ရှိ ရဲတပ်ဖွဲ့ရုံးများနှင့်ရဲစခန်းအားလုံးနီးပါး ကိုဗစ်ကူးစက်ခံနေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ ရဲတပ်ဖွဲ့ရုံးတွေနဲ့ ရဲစခန်းအားလုံးနီးပါးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံရမှုအရ မော်လမြိုင်မြို့က မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တခုတည်းမှာပဲ ရဲတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း ကူးစက်ခံထားရပါတယ်။

ဒါအပြင် မော်လမြိုင်မြို့နယ် ရဲမှူးအပါအဝင် ရဲစခန်းအားလုံးနီးပါးမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၁၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာ ကွာရန်တင်းတွေမှာ စောင့်ကြည့်ထားပြီး သေဆုံးမှု မရှိသေးဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ရှိပေမယ့် ရဲစခန်းနဲ့ ရုံးတွေကို အသွားအလာကန့်သတ်ထားခြင်း မရှိဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်။

မော်လမြိုင်မှာတော့ ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ နယ်မြေရဲစခန်းအပါအဝင် ရဲတပ်ဖွဲ့ရုံး ၁၇ ခု ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up