close

ကပ်ရောဂါကို ဘယ်သူတွေနိုင်ငံရေး အမြတ်ထုတ်နေကြသလဲ

မြင်တွေ့နေရတဲ့ မြင်ကွင်းက မယုံကြည်နိုင်စရာ။ ရေဝေးတစပြင်မှာ အလောင်းချင်းထပ်လို့။ မီးသင်္ဂြိုလ်ဖို့ စောင့်နေကြတာ။ အားလုံးမျက်နှာတွေက ကြေကွဲမှုတွေနဲ့။ တချို့လည်း စိုးရိမ်စိတ်လောနေကြတယ်။ တဘက်ကလည်း အလောင်းမီသင်္ဂြိုဟ်ရေးအမြန်ပြီးပြတ်ဖို့လိုသလို အလှည့်ကျစောင့်ရင်း ရောဂါကူးစက်နိုင်တာကတမှောင့်။ ကိုယ်တိုင်ကအသုဘရှင်မို့ ပူပန်ရသလို ‘ပရဟိတတွေ’မို့လည်း နောက်ထပ်သယ်စရာအလောင်းတွေ တန်းစီနေ တာကြောင့် အချိန်မမီမှာကို စိုးရိမ်နေကြဟန်ပါပဲ။

ဒီလိုအခြေနေဆိုးကြီးရင်ဆိုင်နေရတာက ရေဝေးသုသာန်တခုတည်းမဟုတ်ဘူး။ ထိန်ပင်၊ ကျီစု၊ ကျူချောင်းတို့မှာလည်း ဒီလိုပဲ အလောင်းချင်းထပ်နေတယ်။ ရန်ကုန်မြို့ရှိ သုသာန်(၄) ခုလုံးရဲ့ သင်္ဂြိုလ်စက်တွေအားလုံး မီးရှို့လို့ မနိုင်အောင်ဖြစ်နေတယ်။ ထွက်ခွာသွားလေသူအတွက် နောက်ဆုံး နုတ်ဆက်တဲ့အနေနဲ့ အားရအောင်ငိုဖို့ဆိုတာ သောကတွေကြားမှာ ပျောက်ကွယ်သွားကြလေရဲ့။ တချို့ဆို မိသားစုလိုက် သေသွားကြတယ်။ ငိုဖို့နေနသာသာ ကဲ ဘယ်သူကများ သရဏဂုံတင်ပေးနိုင်မှာတဲ့လဲ။

ဇူလိုင် ၁၃ ရက်နေ့မှာ  ရေဝေးသုသာန်မှာ ၂၃၁ ယောက်။ ထိန်ပင်မှာ ၄၂၀ နဲ့ ကျီစုမှာ ၈၀ အထိ အလောင်းတွေကို မီးရှို့ပေးရတယ်လို့ သတင်းတခုကဆိုပါတယ်။ ဇူလိုင် ၁၄ ရက်ကဆိုရင် အလောင်းတွေမီးသင်္ဂြိုဟ်တာ အလျင်မမီလောက်အောင်ဖြစ်ခဲ့ရလို့ အသုဘရှင်တွေကို အပြန်ခိုင်းပြီး အလောင်းတလောင်းခြင်း မသင်္ဂြိုဟ်နိုင်တော့ဘဲ အလောင်းတွေကို စုပြီးသင်္ဂြိုဟ်လိုက်ရတယ်လို့ ပရဟိတအဖွဲ့တွေပြောစကားကိုကြားလိုက်ရတယ်။ အသုဘရှင်တွေကတော့ အလောင်းတွေ ကြမ်းပြင်မှာပုံထားခဲ့ရပြီး အိမ်ပြန်ခဲ့ရသတဲ့။ ပုံနေတဲ့အလောင်းတွေထဲမှာ ‘ခေါင်းတလား’မရှိ တော့လို့ စောင်တွေ၊ ဖျာတွေနဲ့လိပ်ပြီးထားခဲ့ရတဲ့အဖြစ်ကလည်း ရင်နာစရာပါပဲ။

သေချိန်တန်လို့သေကြရတာမှမဟုတ်ပဲ။ စိမ်းစိမ်းလန်းလန်း မသေသင့်ပဲ သေကြရတဲ့လူတွေက အများကြီး။ အသက်ရှူမဝလို့ အောက်ဆီဂျင်မရလို့ ရေတိမ်နစ်ကြရသူတွေက အများစုပေါ့။ အောက်ဆီဂျင်ရရေးအတွက် နေဝင်မီးငြိမ်း အမိန့်ကိုကျော်ပြီး အောက်ဆီဂျင်အိုးတွေ ရင်မှာပိုက်လို့စောင့်ရင်း လူနာသေသွားပါပြီဆိုတဲ့ သတင်းကြောင့် အံ့အားသင့် ငုတ် တုတ်မေ့သွားကြသူတွေလည်းရှိရဲ့။

မနက်လင်းလို့ အိပ်ရာနိုးတာနဲ့ လူမှုကွန်ယက်တွေပေါ်မှာ အောက်ဆီဂျင်အကူအညီ တောင်းတဲ့ပို့စ်တွေကလည်း မြင်ရတွေ့ရသူအဖို့စိတ်မချမ်းသာစရာ။ လူတွေဟာ မနက်လင်းတာနဲ့ အောက်ဆီဂျင်ရနိုင်တဲ့နေရာတွေကို အကူတောင်းသံတွေကလည်း မကြားချင်အဆုံးပါပဲ။ 

“ဘယ်စက်ရုံမှာတော့ အောက်ဆီဂျင်တွေပေးနေတယ်” ဆိုတဲ့အသံကြားရာဆီ အပြေးလေးသွားခဲ့ပေမယ့် စက်ရုံဆီလည်းအရောက် ရင်ဝဆောင့်အကန်ခံလိုက်သလို “စစ်တပ်လက်နက်ကိုင်သူတွေက အောက်ဆီဂျင်မပေးရ”လို့ ကန့်သတ်လိုက်သတဲ့။ လူထုမျှော်လင့်ချက် အသက်ရှင်သန်ရေးတို့ ပျက်သုဉ်းသွားခဲ့ရပါပြီ။

အစပိုင်းတော့ ‘ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံတွေကို အာဏာသိမ်းစစ်ကောင်စီက လိုက်ပိတ်နေတယ်’ဆိုတဲ့စကားက ကောလာဟလ လိုလို သတင်းအတုတွေနဲ့ ဖုံးကွယ်ခဲ့ကြသေးတယ်။ တကယ့်ဖြစ်ရပ်နဲ့ ကြုံတွေ့ရချက်တွေကို ဖုံးကွယ်လို့မရတဲ့အဆုံးမှာတော့ ဇူလိုင် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးက ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် “ပုဂ္ဂလိကစက်ရုံတွေ ပိတ်မိန့်ပေးရတာက မရိုးသားမှုတွေကြောင့်၊ ဈေးတင်ရောင်းချမှုတွေကြောင့် ပြည်သူတဦးချင်း အောက်ဆီဂျင်ဝယ်ယူခွင့်ကို ကန့်သတ်ထားကြောင်း”ကို ပြောပြီး ကန့်သတ်ထားတာကိုတော့ တဖက်လှည့်ဝန်ခံသွား လေရဲ့။

အဲ့ဒီအချိန်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဆေးရုံကြီးက အောက်ဆီဂျင်အိုးတွေကို စစ်သားတွေသယ် ထုတ်နေပုံတွေ။ ပုဂ္ဂလိကစက်ရုံတွေမှာ တန်းစီစောင့်ဆိုင်းနေတဲ့လူထုကို ခြမ်းခြောက်တာတွေ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ တွေ့မြင်နေ ရတယ်။

ဒါအပြင်ပြည်သူလူထုကလှူထားတဲ့ အောက်ဆီဂျင်စက်ရုံ ၁၆ ရုံကိုလည်း စစ်တပ်ကသိမ်းယူ လိုက်ပါတော့တယ်။ လူထုအဖို့ အောက်ဆီဂျင်ဟာ ဘယ်မှာရှာလို့ရှာရမယ်မှန်းမသိဖြစ်လာတယ်။ ကူရာမဲ့ကယ်ရာမဲ့ဖြစ် လာတယ်။ ပြည်သူတွေမှာ သွားလည်းမလုံခြုံ၊ အိမ်မှာနေလည်းမလုံခြုံ၊ အိပ်လည်း မလုံခြုံ၊ စားလည်းမလုံခြုံ၊  သေလည်းမလုံခြုံတဲ့အခြေအနေပါပဲ။

အဲ့ဒီအခြေနေမှာဘဲ ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံ လူထုလှူဒါန်းတဲ့စက်ရုံတွေကို အပိုင်စီးရုံမက တနိုင်ငံလုံးက ဆေးဆိုင်တွေကို ပိတ်မိန့်ပေးလိုက်ပြန်ပါတယ်။ ဒါအပြင်နိုင်ငံခြားနဲ့ နယ်စပ်ကတင်သွင်းတဲ့ဆေးဝါးနဲ့ အထောက်ကူပြုပစ္စည်းတွေကိုသိမ်းပြန်တယ်။ မိရင်ဖမ်းဆီးတာတွေအထိ လုပ်လာတော့တယ်။  လူထုကတော့ “ပြည်သူမှ ပြည်သူသို့ကယ်ဆယ်ကူညီရေးအစီစဉ်”နဲ့ပဲ အားကိုးအားထားပြုနေရတဲ့အခြေနေပါ။ တိုင်းပျက်ပြည်ပျက် နိုင်ငံတခုဖြစ်နေတာကိုး။ 

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ၆လ နီးပါးအထိ ပြည်သူဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ခဲ့ကြတယ်။ ဒီနေ့အထိ တရက်မပျက်ဆန့်ကျင်နေကြဆဲပဲ။ အဲ့ဒီအခြေနေမှာ မြန်မာဘဏ် အကျပ်အတည်းနဲ့ ကြုံကြရတယ်။ သေမှာမကြောက်ပဲ အေတီအမ်စက်တွေမှာ တန်းစီစောင့်ဆိုင်းပြီး ငွေထုတ်ကြရပြန်တယ်။  အေတီအမ်စက်တွေမှာ တန်းစီငွေထုတ်နေကြဆဲမှာပဲ အောက်ဆီဂျင်တအိုးရဖို့နေကုန်တန်းစီကြရပြန်တယ်။ ပြီးတော့ အသုဘတခု ဘဝလမ်းဆုံးရဲ့ ပြာတဆုပ်ဖြစ်ဖို့အရေး တန်းစီကြရပြန်ရော။ 

ဒါတွေရဲ့အဓိကတရားခံဟာ အာဏာသိမ်းစစ်ကောင်စီပဲဖြစ်တယ်။ အာဏာသိမ်းချိန်ဟာ ဒုတိယလှိုင်း ကိုဗစ် ကပ်ဆိုးကြီးငြိမ်သက်လုလု အခြေပဲရှိသေးတယ်။ လုံးဝကင်းစင်သွားတာ မဟုတ်သေးတဲ့အချိန်ပါ။ အာဏာသိမ်းပြီး တာနဲ့ အရပ်သားအစိုးရလက်ကျန် ကိုဗစ်ဆေးတွေကို အလွဲသုံးစားလုပ်ခဲ့တယ်။ ဆရာဝန်တွေ၊ ပရဟိတလူမှုကူညီရေးအဖွဲ့တွေကို ပစ်သတ်ရိုက်နှက်ဖမ်းဆီးခဲ့တယ်။ ဆရာဝန်တွေကို နေ့စဉ်လူ (၂၀) ထိ  ပုဒ် ၅၀၅ (က)နဲ့ ဝရမ်းထုတ်ခဲ့တာ ဆရာဝန်ပေါင် ၂၀၀၀ ကျော်ရှိတယ်။ တချို့ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ 

ပရဟိတအသင်းတွေက လူမှုကူညီရေးရံပုံငွေတွေကိုလည်း သိမ်းဆည်းတယ်။ ဒုတိယလှိုင်းလက်ကျန် facility တွေကိုသိမ်း၊ လူနာတင်ကားတွေကို ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးပစ်တယ်။ အခမဲ့ဆေးခန်းတွေကို ပိတ်ပင်တယ်။ ဘုရားတွေ ကိုဖိအားပေးဖွင့်တယ်။ ကျောင်းတွေကို ဖိအားပေး အဖွင့်ခိုင်းတယ်။ အားကစားပြိုင်ပွဲတွေကျင်းပတယ်။  Mask မတပ်ပဲ အာဏာသိမ်း “စကစ” ပွဲတွေကို ကျင်းပနေတာဟာလည်း  ကိုဗစ်မွေးမြူရေးအစပြုနေသလိုမျိုးပါပဲ။

မြန်မာနိုင်ငံတဝန်းလုံးမှာလည်း  မြို့အနှံ့၊ ရွာအနှံ့ကျေးလက်မကျန် စစ်အာဏာသိမ်း ဆန့်ကျင်ရေးတွေဟာ နေ့စဉ်မရပ်မနားပြခဲ့ကြသလို စစ်ကောင်စီရဲ့ လက်နက်ကိုင်တို့ရဲ့ ပစ်ခတ်မှုဟာ အကြမ်းဖက်သထက် ဖက်လာချိန်မှာ တော့ လူထုကလည်း လက်နက်ကိုင်ခုခံကာကွယ်ဖို့ တူမီးသေနတ်တွေ ကိုင်ဆောင်ကာကွယ်လာခဲ့ပါတော့တယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးဟာ မြန်မာလူထုအပေါ်မှာ အာဏာမတည်နိုင်တော့ပါဘူး။ ဒါကိုဘယ်လို နှိမ်နင်းမလဲဆိုတာ အာဏာသိမ် စစ်ကောင်စီအတွက် ပြဿနာတရပ်ဖြစ်လာပါတော့တယ်။

အဲ့လိုအမိန့်မနာခံမှုနဲ့ အုပ်ချုပ်လို့မရချိန်၊ ဆရာဝန်တွေ၊ ပရဟိတအဖွဲ့တွေမရှိသ လောက်နည်းသွားချိန် ဆေးဝါး တင်သွင်းမှုကိုလည်း ကန့်သတ်လိုက်ချိန်မှာတော့ ကိုဗစ်တတိယလှိုင်းစဖို့တာဆူနေပါပြီ။

အိမ်နီးချင်းအင်အားကြီး နိုင်ငံတခုကလည်း တတိယလှိုင်းမဖြစ်မီတလ လောက်အလိုကတည်းက သူ့နိုင်ငံသားတွေကို အချိန်မီလာဖို့ပြန် ခေါ်နေပြီ။ မကြာမတင်မီမှာတော့ မြန်မာနိုင်ငံမှာ ‘ကိုဗစ်တတိယလှိုင်းမုန်တိုင်းကြီး’တိုက်ခတ်လာပါတော့တယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ကလေးဝတို့မှာ ကိုဗစ်နဲ့ အသေအပျောက်တွေများလာခဲ့တယ်။

နောက်တော့ မြန်မာတနိုင်ငံလုံးအရှိန်ကောင်းကောင်းနဲ့ ကိုဗစ်တတိယလှိုင်းက ကူးစက်လာခဲ့တော့တာပါပဲ။ အသွားအလာတွေ ကန့်သတ်လိုက်တယ်။ တချို့မြို့တွေ Lockdown ချလိုက်တယ်။ အပြင်မှာတွေ့တာနဲ့ ဖမ်းဆီးရိုက်နှက်လာတယ်။ လူတွေအပြင်မထွက်ရဲအောင် ကိုဗစ်အကူညီယူပြီး ဖိနှိပ်ဖို့လုပ်ကြပေမယ့် ပြည်သူတွေရဲ့ဆန္ဒပြဆန့်ကျင်မှုနဲ့ ခုခံမှုတွေကတော့ ရပ်မသွားခဲ့ပါဘူး။

“ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်စက်ရုံတွေကို ပိတ်ခြင်း၊ ဆေးဝါးအဝင်ကန့်သတ်မှုတွေ လုပ်ဆောင်ခြင်းဖြင့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပြည်သူကိုလုပ်ကြံသတ်ဖြတ်နေတယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)’ကတော့ စွပ်စွဲခဲ့ပါတယ်။ ဒါဟာ ‘ဇီဝစစ်ပွဲတခု’ကို ဖန်တီးခဲ့လေသလားဆိုတာ ပြည်သူလူထုကြားမှာ သံသယတွေနဲ့ ဝေဝါးနေခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ထိရောက်စွာ ကာကွယ်ကုသမပေးတာနဲ့ ပတ်သက်ပြီး မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာအင်ဒရူ ကလည်း “အာဏာမသိမ်းမီ မြန်မာနိုင်ငံကိုဗစ်ကာကွယ်တားဆီးရေးအတွက် IMF က ယူအက်ဒေါ်လာ သန်း၃၅၀, ထောက်ပံ့တာ မြန်မာအာဏာသိမ်းတပ်က ဘယ်နေရာမှာ သုံးစွဲနေလဲ”လို့ မေးခွန်းထုတ်လိုက်ပြီး  ကိုဗစ်ကို အာဏာသိမ်းတပ်က ထိန်းချုပ်နိုင်စွမ်းမရှိတော့တာကြောင့် နိုင်ငံတကာက ကူညီပံ့ပိုးကြဖို့လိုကြောင်းပြောလာပါတော့တယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စေတနာပြဋ္ဌာန်းချက်အတိုင်း ပြည်သူတွေရဲ့ဘဝဟာ နေ့စဉ်မီးသင်္ဂြိုဟ်စက်မှာ ညပိုင်းအထိ သင်္ဂြိုဟ်ဖို့ စောင့်ဆိုင်းနေရတယ်။ ညဉ့်နက်ချိန်အထိ သင်္ဂြိုဟ်ခွင့်မရသေးလို့ ပုံနေတဲ့အလောင်းတွေက စစ်အာဏာရှင်အလိုဖြစ်နေကြောင်းကို သက်သေခံနေခဲ့ပါပြီ။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ “ကပ်ရောဂါအပေါ်မှာ နိုင်ငံရေးအမြတ်မထုတ်ကြဖို့”ပြောလိုက်တယ်။ လူထုကြားမှာ “ကပ်ရောဂါကို တကယ်အမြတ်ထုတ်နေတာဟာ အာဏာသိမ်းစစ်အုပ်စုသာဖြစ်တယ်’လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါဟာ စစ်ကောင်စီအတွက် နိုင်ငံရေးအကျိုးအမြတ် ထုတ်စရာတခုလို့ ယူဆခဲ့မယ်ဆိုရင် လူထုသံသယရှိနေတဲ့ ဇီဝစစ်ကို တကယ်ဖန်တီးခဲ့ပါသလား။ ကိုဗစ်ကိုမထိန်းချုပ်ပဲ ပစ်ထားခဲ့တာဟာ ကပ်ရောဂါကိုလှိုင်းတစ်ခုလိုစီးပြီး တမင်ကြံရွယ်ချက်နဲ့ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့လေသလားဆိုတာ တချိန်ချိန်မှာ အမှန်တရားဟာ ငြင်းမရ အောင်အဖြေပေါ်လာမှာ ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

မြန်မာပြည်သူအပေါင်း ကပ်ရောဂါဆိုးကို အောင်မြင်စွာဖြတ်ကျော်နိုင်ကြပါစေ။

ဂန္ထဝင်မောင်ထူး

Photo-MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up