close

တရုတ်မှ ကိုဗစ်ကာကွယ်ဆေး ၄ သန်းဝယ်ယူထား၊ ယခုလကုန် ၁ သန်း ရောက်မည်

ဓာတ်ပုံ-မြန်မာသံရုံး ပေကျင်း

       တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း အခုလ နောက်ဆုံးပတ်ထဲမှာ ရောက်ရှိမှာဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

       ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ ကာကွယ်ဆေးအရေအတွက်စုစုပေါင်း ၄ သန်း ဝယ်ယူထားခဲ့ပြီး ကျန်တဲ့ ၃ သန်းကတော့ နောက်လ ဩဂုတ်လ ပထမ ပတ်ထဲမှာ ရောက်ရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

       ဒါ့အပြင် ဩဂုတ်လထဲမှာပဲ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး ၂ သန်း လည်း ရောက်ရှိလာမှာဖြစ်ကာ ရရှိလာမယ့် ကာကွယ်ဆေး အရေအတွက် စုစုပေါင်း ၆ သန်းကို ဦးတည်အုပ်စုတွေနဲ့ ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးဖို့ ဆောင် ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများ တဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၈,၃၅၇ ယောက်၊ သေဆုံးသူပေါင်း ၄,၁၈၁ ယောက်ထိ ရှိလာခဲ့ကာ အာဆီယံဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှုအမြင့်ဆုံး ၅ နိုင်ငံထဲ ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up