အာဆင်နယ်ထက်မြင့်မားသည့်အသင်းကို ဘမ်ဝှိုက် ရွေးချယ်သင့်ဟု ဒမ်နီမေးလ် သုံးသပ်

ဘရိုက်တန်နောက်ခံလူ ဘမ်ဝှိုက်အနေနဲ့ အာဆင်နယ်အသင်းထက် ပိုမိုမြင့်မားတဲ့အသင်းကို ရွေးချယ်သင့်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဒယ်နီနေးလ်က ပြောပါတယ်။
အသက်၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဘမ်ဝှိုက်ဟာ အာဆင်နယ်ကို ပေါင်သန်း ၅ဝ နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး မကြာခင်မှာ တရားဝင်စာချုပ်ချုပ်ဆိုဖို့ရှိတာပါ။
အင်္ဂလန်နောက်ခံလူဟောင်း ဒမ်နီမေးလ်ကတော့ ဘမ်ဝှိုက်ဟာ အာဆင်နယ်အတွက် ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်ပေမယ့် ကစားသမားအတွက်တော့ ဆုဖလားတွေ ရယူနိုင်ဖို့ခက်တယ်လို့ သုံးသပ်ခဲ့တာပါ။
ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လည်း ရီးရဲလ်မက်ဒရစ်က ဗာရန်းကို ခေါ်ယူမယ့်အစား ဘမ်ဝှိုက်ကို ခေါ်ယူသင့်ကြောင်း ဒမ်နီမေးလ်က ပြောပါတယ်။
“ဘမ်ဝှိုက်အနေနဲ့ ပိုမြင့်မားတဲ့အသင်းကို ပြောင်းရွှေ့ကစားသင့်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆုဖလားတွေရဖို့ အခွင့်အရေးများစွာရှိပါတယ်။ အာဆင်နယ်မှာတော့ သူ ဘာတွေရနိုင်လို့လဲ။ လိဂ် ရှုံးထွက်ဖလားလား၊ သူ ကံကောင်းရင် ရနိုင်ပါတယ်။ ဒါမှမဟုတ် အက်ဖ်အေဖလားလည်း ဖြစ်နိုင်ပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ဗဟိုခံစစ်မှူးရှာနေတဲ့ မန်ချက်စတာယူနိုက်တက်က ဘာလို့မခေါ်တာလဲဆိုတာကလည်း အံ့အားသင့်စရာပါပဲ” လို့ ဒမ်နီမေးလ်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။