close

ဘားအံဆေးရုံ ကျန်းမာရေးဝန်ထမ်း ၁၁ ဦး ကိုဗစ် – ၁၉ ကူးစက်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်သူ့ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လဆန်းပိုင်းကစပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူ  ဆရာဝန် ၁ ဦး၊ သူနာပြု ၆ ဦး၊ သူနာပြုအကူနဲ့ ဓာတ်ခွဲဌာနအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၁ ဦး ဆေးကုသမှုခံယူနေရတာပါ။

ဘားအံဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က "ဆေးရုံကနေ ရောဂါကူးစက်ခံရတာ ဖြစ်ဖို့ကနည်းတယ်။ ဆေးရုံမှာ ကိုဗစ် လူနာရှိတော့ အကာအကွယ်ယူကြတယ်။ ပြင်ပ အိမ်တို့ ဘာတို့က ဖြစ်ဖို့များတယ်လို့  ယူဆတယ်" လို့ ဆိုပါတယ်။

လူနာတွေထဲက ကျန်းမာရေးဝန်ထမ်း ၂ ဦးကတော့ ရောဂါသက်သာပျောက်ကင်းတဲ့အတွက် ဇူလိုင် ၂၁ ရက်မှာ  ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။

လက်ရှိ သီးသန့်လူနာထားရှိတဲ့ (Isolation Unit) မှာ ကိုဗစ်အတည်ပြုလူနာ ၈၀ နီးပါး  တက်ရောက်ဆေးကုသခံယူနေရသလို့ တိုင်းရင်းဆေးရုံနဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွေမှာပါ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးထားရပါတယ်။

ကရင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ နီးပါးနဲ့  သေဆုံးသူ ၃၀ ကျော်ရှိကာ   ဆေးစစ်မှုမခံရသေးသူတွေကြား ရောဂါကူးဆက်ခံရသူတွေ အများကြီးရှိနိုင်တယ်လို့ ပြည်နယ်အဆင့်   တာဝန်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up