မြန်မာတွင် ကိုဗစ်-၁၉ တားဆီးနိုင်ရေး အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုး အစီအစဉ်စတင်ရန် တိုက်တွန်း

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးဖို့နဲ့ ကိုဗစ်-၁၉ ရောဂါ တားဆီးဖို့ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုး အစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့ကို ချက်ချင်းဖွဲ့စည်းသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က အကြံပြုတိုက်တွန်းလိုက်ပါတယ်။
အလှူရှင်အစိုးရတွေနဲ့ နိုင်ငံတကာ အေဂျင်စီတွေဟာ သက်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေဆီကို ဒေသနဲ့ သင့်တော်ကိုက်ညီအောင် ဆောင်ရွက်သင့်ပြီး စစ်တပ်ကို အသိအမှတ်ပြုတာမျိုးကို ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ဆေးဝါးကုသမှုတွေ၊ လူနာတွေ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ဆေးဝါးအထောက်အပံ့တွေကိုပါ တိုက်ခိုက်ဖျက်ဆီး သိမ်းယူတာတွေအပါအဝင် ကျန်းမာရေးပိုင်းတိုက်ခိုက်မှု ၂၆၀ ကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကုသခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ကို ပြင်းပြင်းထန်ထန် တားဆီးကန့်သတ်ထားပါတယ်။
မြန်မာပြည်မှဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေဟာ စစ်အာဏာရှင်လက်အောက်မှာ လုပ်ကိုင်ဖို့ ငြင်းဆန်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးလူထုမနာခံမှုလှုပ်ရှားမှု (CDM)မှာ ပါဝင်ကြတာကြောင့် စစ်ကောင်စီရဲ့ပစ်မှတ်တွေ ဖြစ်လာပြီး အများစု ပုန်းအောင်းနေကြရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့အဆိုအရ ဖမ်းဝရမ်းထုတ်ခံထားရပြီး ရှောင်ရှားနေကြရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆေးဖက်ဆိုင်ရာ ပညာရှင် ၅၇၁ ယောက် ရှိပါတယ်။
ကိုဗစ်-၁၉ နဲ့ စစ်ကောင်စီရဲ့ မတရားပြုမူဆက်ဆံမှုတွေကြောင့် မြန်မာနိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသားတွေဟာ ဆိုးရွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ Fortify Rights က ပြောကြားပါတယ်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုမှာ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဝါရင့်နိုင်ငံရေးသမားကြီး ဦးဥာဏ်ဝင်းဟာ ဇူလိုင် ၂၀ ရက်က ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တာပါ။ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တရားစွဲခံနေရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်နဲ့ အမေရိကန်သတင်းစာဆရာ ဒန်နီဖှန်စတာ တို့အပါအ၀င် မြန်မာနိုင်ငံရှိ တခြားနိုင်ငံရေးအကျဉ်းသားတွေမှာလည်း ကိုဗစ်-၁၀ ရောဂါလက္ခဏာတွေ ပြနေကြောင်း သတင်းတွေ ထွက်နေပါတယ်။
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၆,၀၉၃ ယောက်ရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၆,၆၆၃ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ တခြားသူတွေကို ဆက်သွယ်ရရှိမှုပေါ်အခြေခံပြီး အမှန်တကယ် ရောဂါကူးစက်မှုအသစ်နဲ့ သေဆုံးမှုတွေဟာ ထုတ်ပြန်ထားတာထက် အများကြီးပိုနိုင်ကြောင်း Fortify Rights က ယုံကြည်ထားပါတယ်။
WHO မှ မြန်မာနိုင်ငံဆိုင်ရာ ခေတ္တတာ၀န်ရှိသူရဲ့ ပြောကြားချက်အရ ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ ကူးစက်နှုန်း စမ်းသပ်ချက်အရ ၃၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။
Johns Hopkins Bloomberg ဆေးကျောင်းမှ ဆေးပညာရှင်အဆိုအရ ကူးစက်မှု ၅ ရာခိုင်နှုန်း ဆိုရင်တောင် အန္တရာယ်များပြီး အလွန်မြင့်မားတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားတွေ မရှိတာ၊ အသက်ကယ်ပစ္စည်းတွေ မရှိတာ၊ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေကို အဆင်ပြေပြေ ဝင်ရောက်ခွင့်မရတာတွေကြောင့် မြန်မာနိုင်ငံရှိ ကိုဗစ်လူနာပေါင်းများစွာဟာ ကိုယ့်နေအိမ်တွင်းမှာပဲ ကိုယ့်ဖာသာ ကုသနေကြရပါတယ်။