close

ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲရပ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ကြရန် SNLD တိုက်တွန်း

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ကြား တိုက်ပွဲရပ်တံ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ကြဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က  တိုက်တွန်းလိုက်ပါတယ်။

လတ်တလော ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် RCSS  နဲ့ SSPP တို့ကြား နယ်‌မြေစိုးမိုးရေးကိစ္စနဲ့ ပါတ်သက်ပြီး တိုက်ပွဲဖြစ်နေတာကြောင့် ရွာသားတွေ ရာနဲ့ချီထွက်ပြေးနေရပါတယ်။

        ဒေသခံပြည်သူတွေဟာ ကိုဗစ် ၁၉ ကပ်ရောဂါဘေးအပြင် စစ်ဘေးဒဏ်ရဲ့ ဆင်းရဲဒုက္ခတွေပါ ခံစားနေရတာကြောင့် ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ SSPP/RCSS  နဲ့ RCSS/ SSA တို့ကြား ဖြစ်ပွားနေတဲ့ ပဌိပက္ခတွေ တိုက်ပွဲတွေ ရပ်တံ့နိုင်ရေး အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

      အဆိုပါ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက စတင်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ပဋိပက္ခချုပ်ငြိမ်းဖို့ SNLD ပါတီအနေနဲ့ နှစ်ဘက်တပ်သဘောတူမှုနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဒါပေမယ့် တဘက်နဲ့တဘက် အငြင်းပွားမှု၊ ပစ်ခတ်မှုတွေ ရပ်မသွားဘူးလို့ ဆိုပါတယ်။

      အဆိုပါလုပ်ရပ်ဟာ မလုပ်သင့်တဲ့အပြင် အမျိုးသားနိုင်ငံရေးသိက္ခာကို ကျဆင်းစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေကိုလည်း နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။       ဒါကြောင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်သူလူထုအကျိုးကိုရှေးရှုပြီး နှစ်ဘက်တပ် တိုက်ပွဲ ရပ်တံ့ဖို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြဖို့၊ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကို လက်တွဲပူးပေါင်း ကာကွယ်တိုက်ဖျက်ဖို့၊ ပြည်သူ့အကျိုးစီးပွားထိခိုက်နစ်နာစေမယ့် လုပ်ဆောင်ချက်တွေ ရှောင်ကြဉ်ဖို့၊ နှစ်ဘက်တပ်ဝန်းရံထောက်ခံသူတွေ၊ အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည့်သူတွေအနေနဲ့ အမုန်းစကား၊ သတင်းတုသတင်းမှားတွေ ရေးသားဖြန့်ဝေခြင်း အချင်းချင်းအပြန်အလှန်စွပ်စွဲ ပြောဆိုပြစ်တင်တာတွေ မလုပ်ဖို့လည်း SNLD က တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up