ဖမ်းဆီးခံ ထိုင်းဆန္ဒပြခေါင်းဆောင်များပြန်လွှတ်ပေးရေး တောင်းဆိုသူ ၄၀ ကျော် ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဩဂုတ် ၁ ရက်က ဝန်ကြီးချုပ် ပရာယွတ်ရာထူးကဆင်းပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ အနည်းဆုံး ၅ နေရာမှာဖြစ်ပွါးခဲ့ပြီး လုံခြုံရေးရဲတွေက မျက်ရည်ယိုဗုံး ၊ ရာဘာကျည်တွေ အသုံးပြုလူစုခွဲတာကြောင့် ဆန္ဒပြသူတချို့ထိခိုက်ဒဏ်ရာရခဲ့သလို ဆန္ဒပြခေါင်းဆောင် ၇ ဦးလည်း ဖမ်းဆီးခံရပါတယ်။
ဒီကနေ့မနက်မှာ ဆန္ဒပြသူတချို့က နယ်ခြားစောင့်တပ်စစ်ဌာနချုပ် အမှတ် - ၁ ရှေ့ကို သွားရောက်ပြီး ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေပြန်လွှတ်ပေးဖို့အတွက် တောင်းဆို ဆန္ဒပြကြရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ ၁၀၀ ကျော်ရောက်ရှိလာပြီး ဆန္ဒပြသူတွေ နောက်ထပ် ၄၀ ကျော် ဖမ်းဆီးခံရပြန်တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒါကြောင့် မနေ့က အဖမ်းခံရသူတွေရော ၊ ကနေ့မနက်မှာ ထပ်ပြီးအဖမ်းခံရသူတွေကို အားလုံး ကိုလွှတ်ပေးဖို့ နောက်ထပ်လူစုလူဝေးတွေရောက်ရှိလာပြီး ဒီကနေ့ ထိုင်းစံတော်ချိန် ညနေ ၅ နာရီထိ ဆက်လက်တောင်းဆို ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတွေဟာ တန်းစီစောင့်ကြပ်နေတဲ့ လုံခြုံရေးရဲတွေရှေ့မှာ သွေးရောင်ဆေးရည်တွေ ပက်ဖျန်းပြီး သူတို့လူတွေပြန်လွှတ်ပေးဖို့၊ ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ ထပ်မံအော်ဟစ် တောင်းဆိုနေကြပါတယ်။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းဟာ အရှိန်မြင့်မားနေပြီး ဒါဟာ ဝန်ကြီးချုပ်နဲ့ အစိုးရက စီမံကွပ်ကဲမှုညံ့ဖျင်းမှုကြောင့်လို့ဆိုကာ ဝန်ကြီးချုပ်အကြွင်းမဲ့နုတ်ထွက်ပေးဖို့ တောင်း ဆိုဆန္ဒပြနေကြတာပါ၊
မနေ့ကဆန္ဒပြမှုဟာ ကိုဗစ်တတိယလှိုင်းအတွင်း တတိယအကြိမ်မြောက် လူအများဆုံး ဆန္ဒပြပွဲဖြစ်ပြီး အဖွဲ့ပေါင်း ၅ ဖွဲ့က ဘန်ကောက်မြို့လယ် ဒီမိုကရေစီအထိမ်းမှတ်ကျောက်တိုင်၊ ရာ့ချ်ပဆုန်လမ်းဆုံ၊ ဝိဖာဝဒီရန်းဆစ်၊ အင်ထရာအမြန်လမ်းမကြီးနဲ့ ဖရနန့်ကောက် မြေအောက်ရထားဘူတာတွေမှာ စတင်စုဝေးပြီး စီမံစီးပွါးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တခြားအစိုးရဌာနဆိုင်ရာတွေဆီ ချီတက်တောင်းဆိုဖို့ ရည်ရွယ်ထားပေမယ့် လမ်းခုလတ်မှာ လုံခြုံ ရေးရဲတွေရဲ့နှိမ်နင်းမှုကြောင့် လူစုခွဲခဲ့ပါတယ်။ လူစုခွဲပြီးနောက် ဆန္ဒပြခေါင်းဆောင်တွေကို လိုက်လံဖမ်းဆီးရာမှာ ၇ ဦး အဖမ်းခံခဲ့ရတာပါ။
မနေ့က ဝန်ကြီးချုပ်နုတ်ထွက်ရေး ဆန္ဒပြမှုတွေ ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ အရှေ့မြောက်ပိုင်း ခွန်ကဲင် ၊ နခွန်းရာ့ချ်ဆီမားနဲ့ ထိုင်းတောင်ပိုင်းမှာလည်း ပြုလုပ်ခဲ့ကြပြီး လာမယ့် ဩဂုတ် ၇ ရက်နေ့မှာလည်း နောက်ထပ်ဆန္ဒပြဖို့ အစီအစဉ်ရှိထားကြပါတယ်။
Photo Credit- Khaosod