လူကာကူကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ချဲလ်ဆီးသဘောတူညီမှုရရှိ

ချဲလ်ဆီးအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။
လက်ရှိအချိန်မှာ ကလပ်အသင်း နှစ်သင်း အကြား ပေါင် ၉၇ သန်းခွဲနဲ့ သဘောတူညီမှုရရှိခဲ့ပြီး အသင်းရဲ့ရှေ့နေတွေနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးနေတယ်လို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြပါတယ်။
အင်တာမီလန်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ၂ ကြိမ် ကမ်းလှမ်းခဲ့မှုကို ပယ်ချခဲ့ပြီး ၃ ကြိမ်မြောက်အရောက်မှာ လက်ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မနှစ်က နွေရာသီမှာ တိုက်စစ်ကစာသမား ခိုင်ဟာဗက်ဇ်ကို ပေါင် ၇၅ ဒသမ ၈ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် လူကာကူက ပြောင်းရွှေ့ကြေးအမြင့်ဆုံးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်လာမှာပါ။
အသက် ၂၈ နှစ်ရှိ လူကာကူဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ချဲလ်ဆီးအသင်းမှာ ၁၅ ပွဲသာ ကစားခွင့်ရခဲ့ပြီးနောက် အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ခဲ့တာပါ။ အဲဗာတန်ကနေ မန်ယူနိုက်တက် အင်တာမီလန်အသင်းတွေဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ မနှစ်က အင်တာမီလန်နဲ့အတူ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီး ၂၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။