close

ကွန်ဂိုနိုင်ငံတွင်းရှိ အိန္ဒိယစီးပွားရေးလုပ်ငန်းများ တိုက်ခိုက်ခံရ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ မြို့တော်မှာ အိန္ဒိယစီးပွားရေးလုပ်ငန်းတွေနဲ့ မော်တော်ယာဉ်တွေကို အုပ်စုဖွဲ့ တိုက်ခိုက်ခံနေရပါတယ်။

အိန္ဒိယနိုင်ငံမှာ ကွန်ဂိုနိုင်ငံသား ဒုတိယတစ်ဦး သေဆုံးတယ်ဆိုတဲ့ မဟုတ်မမှန် ကောလာဟလကို တုံ့ပြန်တဲ့အနေနဲ့ သြဂုတ် ၁၂ ရက်က မြို့တော် Kinshasa ရဲ့ Limete နယ်မြေရပ်ကွက်မှာ လူအုပ်ဟာ အိန္ဒိယဈေးဆိုင်တွေနဲ့ ဂိုဒေါင်တွေကို လုယက်ခဲ့တဲ့အပြင် ကားတစီးကို မီးရှို့ကာ တခြား မော်တော်ယာဉ်သုံးစီးကိုလည်း ခဲတွေ ပစ်ပေါက်ခဲ့ကြတယ်လို့ ကွန်ဂိုရဲတပ်ဖွဲ့က ပြောပါတယ်။ 

သြဂုတ် ၁ ရက်က အိန္ဒိယနိုင်ငံ Bangalore မြို့မှာ ကွန်ဂိုကျောင်းသားတစ်ဦးဖြစ်တဲ့ Joel Malu ကို မူးယစ်ဆေးဝါး လက်ဝယ်ရှိမှု သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။ Malu က ရင်ဘတ်အောင့်တယ်လို့ ပြောဆိုတာကြောင့် ဆေးရုံပို့ပေးလိုက်ပြီးနောက် သေဆုံးသွားတယ်လို့ အိန္ဒိယရဲတွေက ပြောပါတယ်။

ရဲတွေ ထိန်းသိမ်းထားချိန်အတွင်း Malu  သေဆုံးပြီးနောက်မှာ ပြီးခဲ့တဲ့အပတ်က ကွန်ဂိုနိုင်ငံ မြို့တော် Kinshasa ရှိ အိန္ဒိယစီးပွားရေးလုပ်ငန်းအတော်များများ လုယက်ခံခဲ့ရတာပါ။ 

Kinshasa ရဲကော်မရှင်နာမင်းကြီး Sylvano Kasongo အပြောအရ ရဲတွေဟာ လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ခိုးယူထားတဲ့ အဝတ်ဘေထုပ် ၄၀ ကို ပြန်ပေးခဲ့တယ်လို့ ပြောပေမဲ့ ထိခိုက်ဒဏ်ရာရ ရှိကြောင်း မပြောခဲ့ပါဘူး။

Malu  သေဆုံးမှုကြောင့် နောက်ရက်တွေမှာ Bangalore မှာ ဆန္ဒပြသူတွေနဲ့ နံပါတ်တုတ်ကိုင် အရာရှိတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း ဒေလီမှာ ကွန်ဂိုအမျိုးသားတဦး ရိုက်နှက်မှုကြောင့် သေဆုံးရပြီးနောက်မှာ အာဖရိကသံတမန်တွေက အိန္ဒိယမှာ နေထိုင်တဲ့ သူတို့နိုင်ငံသားတွေအပေါ် လူမျိုးရေးခွဲခြားမှုရှိတယ်ဆိုပြီး စောဒကတက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up