လောင်စာဆီပြတ်လပ်နေသည့် လက်ဘနွန်ကို အီရန်ကူညီမည်

လက်ဘနွန်နိုင်ငံက လောင်စာဆီပြတ်လပ်မှုတွေကို ပြေလျော့စေဖို့ အီရန်နိုင်ငံက လောင်စာဆီတွေ တင်ထားတဲ့ သင်္ဘောတွေဟာ တခြားသင်္ဘောတွေနဲ့အတူ ထွက်လာတော့မယ်လို့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာအုပ်စု ခေါင်းဆောင် ဟတ်ဆန်နတ်စ်ရာလာက သြဂုတ် ၂၁ ရက်မှာ ပြောပါတယ်။
နတ်စ်ရာလာကတော့ သူတို့အုပ်စုဟာ လောင်စာဝယ်တဲ့နည်းနဲ့ ခြေလှမ်းတိုးပြီး အစိုးရကို အစားထိုးတဲ့ လုပ်ရပ်တွေလုပ်ဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့လည်း အခိုင်အမာ ပြောပါတယ်။
“ကျနော်တို့ရဲ့ ဒုတိယသင်္ဘောဟာ ရက်နည်းနည်းအတွင်း လာတော့မယ်ဆိုတာ ကျနော် ခင်ဗျားတို့ကို ထပ်ပြောတယ်။ တခြားသင်္ဘောတွေလည်း ဆက်ပြီးလာတော့မယ်” လို့ သူက ထောက်ခံသူတွေကို ပြောတဲ့မိန့်ခွန်းထဲမှာ ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံထဲကို ဒီသင်္ဘောတွေ ဘယ်လိုဝင်လာမယ်ဆိုတာ အကျယ်တဝင့် မပြောပါဘူး။ ဇ်ဘိုလာတွေရဲ့ ပြိုင်ဘက်တွေကတော့ ဒီအကွက်ရွှေ့မှုကနေ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးကြပါတယ်။
ဒီလုပ်ရပ်ကြောင့် နှစ်နှစ်နီးပါး စီးပွားရေး ကျပ်တည်းနေတဲ့ နိုင်ငံကို စီးပွားရေး ဒဏ်ခတ်တာ ထပ်ခံရနိုင်တဲ့ဘေးတွေ ရှိလာမယ်လို့လည်း သူတို့က ပြောပါတယ်။
အီရန် လောင်စာတွေ ရောက်လာတာဟာ လက်ဘနွန်အစိုးရနဲ့ ဟဇ်ဘိုလာတွေ အပါအဝင် အုပ်ချုပ်သူ မကိုင်တွယ်နိုင်တဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အကျပ်အတည်းအတွင်း မျက်နှာစာသစ် ဖြစ်လာမှာပါ။
လက်ဘနွန်ရဲ့ လောင်စာနဲ့ စွမ်းအင်လိုအပ်ချက်အတွက် အဖြေရှာရာမှာ ကူညီဖို့ အမေရိကန်ဟာ အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်။
လက်ဘနွန်ဟာ အီရန် ရေနံတင်သင်္ဘောတွေကို မလိုအပ်ဘဲ လောင်စာသင်္ဘောအုပ်ဟာ ကမ်းလွန်ပင်လယ်ပြင်မှာ လောင်စာတွေ ကမ်းပေါ်ချဖို့ စောင့်နေပြီလို့ လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေါ်ရိုသီရှီးယားက သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။