မန္တလေးခရိုင်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၁၅ ဦး ရှိ

မန္တလေးခရိုင်အတွင်း သြဂုတ် ၂၂ရက် တစ်ရက်တည်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၁၅ ဦး ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ကိုဗစ်လူနာ ၃ ဦး၊ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံမှ ကိုဗစ်လူနာ ၄ ဦး၊ ခုတင် ၅၀၀ အရိုးဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ မြို့တော်ဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ Hotel Mandalay မှ ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၅ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့တာပါ။
ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။
မန္တလေးခရိုင်မှ ကိုဗစ်ကြောင့် ဇူလိုင်လက နေ့စဉ် အယောက် ၈၀ လောက် သေဆုံးခဲ့ပေမဲ့ သြဂုတ်လမှစတင်ကာ တဖြည်းဖြည်း လျော့နည်းလာခဲ့ရာ သြဂုတ် တတိယအပတ်မှတော့ နေ့စဉ် အယောက် ၂၀ ကျော် သေဆုံးတာ တွေ့ရပါတယ်။
သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ သေဆုံးကြတာပါ။
လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ မြို့နယ်ကို Stay At Home သတ်မှတ်ထားပါတယ်။