close

ရုရှား-မြန်မာ စစ်ဘက်နှင့်နည်းပညာဆိုင်ရာ ပူးပေါင်းမည်

ရုရှားဟာ မြန်မာနိုင်ငံနဲ့ စစ်ဘက်နှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin က မြန်မာစစ်တပ်ရဲ့ စစ်ဦးစီးချုပ် မောင်မောင်အေးနဲ့ ဩဂုတ် ၂၃ ရက် တွေ့ဆုံချိန်မှာ ပြောကြားခဲ့တယ်လို့ ရုရှား Tass သတင်းမှာ ဖော်ပြပါတယ်။

စစ်တပ်နဲ့ နည်းပညာဆိုင်ရာ နယ်ပယ်တွေအပြင် စစ်တပ်ထဲက သူတွေအပါအဝင် နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ပိုမိုခိုင်မြဲတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံဟာ အာရှပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှမှာ ရုရှားနိုင်ငံရဲ့ မဟာဗျူဟာမြောက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဝမ်းနည်းစရာကတော့ ပြည်တွင်းနိုင်ငံရေးအခြေအနေက အတော်လေးဆိုးရွားနေပြီး မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းက တည်ငြိမ်မှုရရှိဖို့ အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာ သိရှိပါတယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှား၊ မော်စကို၊ Patriot Park မှာ ကျင်းပမဲ့ “International Army Games and International Military-Technical Forum Army-2021” ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ ကြိုဆိုလိုက်တယ်လို့ ရုရှားဒုကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ 

ဒီပွဲမှာ ရုရှားနဲ့ တခြားနိုင်ငံထုတ် လက်နက်နဲ့ စစ်ရေးပစ္စည်းကိရိယာ အမြောက်အမြားကို ကြည့်ရှုဖို့ အကောင်းဆုံးသော အခွင့်အလမ်းရှိမှာဖြစ်ပြီး ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်လို့ရကြောင်း Alexander Fomin က ပြောပါတယ်။

မြန်မာစစ်ဦးစီးချုပ် မောင်မောင်အေးကလည်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနရဲ့ ကူညီပံ့ပိုးမှု၊ အားပေးထောက်ခံမှု၊ အထူးကျွမ်းကျင်သူတွေ၊ နည်းပညာတွေကြောင့် မြန်မာစစ်တပ်ရဲ့အဆင့်က တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေပြီး ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။ 

နှစ်နိုင်ငံ စစ်တပ်တွေရဲ့ ရေရှည်ချစ်ကြည်ရင်းနှီးမှုကိုလည်း ထိန်းသိမ်းထားဖို့ မြန်မာစစ်တပ်က သန္နိဌာန်ချထားတယ်လို့လည်း ဆိုပါတယ်။

ဆွေးနွေးပွဲတွေအပြီးမှာ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ရာမှာ နှစ်ဘက်စလုံးက စစ်ဘက်နယ်ပယ်မှာ အပြန်အလှန် အကျိုးပြုဆက်ဆံရေးက ကောင်းကျိုးဆောင်ပြီး မှန်မှန်တိုးတက်နေတယ်လို့ အကဲဖြတ်ကြောင်းနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်တဲ့စိတ်ဓာတ်နဲ့ ပိုမိုနက်ရှိုင်းတဲ့ စစ်ဘက်နဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အမြင့်ဆုံးအတိုင်းအတာအထိ စုရုံးတည်ဆောက်ထားဖို့ ရည်ရွယ်ချက်ကိုလည်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ 

အစဉ်အလာအားဖြင့် ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးကြောင့် ဒီတွေ့ဆုံမှုဟာ အဓိကကျပြီး နှစ်နိုင်ငံ ကာကွယ်ရေး၀န်ကြီးဌာနများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ် တည်ဆောက်သွားဖို့ သန္နိဋ္ဌာန်ကို အပြန်အလှန် ထပ်မံအတည်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up