ကွန်မြူနတီဒိုင်းပြိုင်ပွဲ၌ မန်စီးတီးအသင်း လက်စတာကို ရှုံးနိမ့်၊ ဂရေးလစ်ရှ်၏ ခြေစွမ်းအပေါ် နည်းပြ ကာကွယ်ပြော

လက်စတာနဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်မှာ ၂၅ မိနစ်လောက် လူစားဝင်ကစားသွားခဲ့တဲ့ ဂရေးလစ်ရှ်ရဲ့ ခြေစွမ်းအပေါ် နည်းပြ ဂွါဒီယိုလာက ကာကွယ်ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ လက်စတာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး စံချိန်တင် ပေါင်သန်း ၁၀၀ တန် ဂျက်ဂရေးလစ်ရှ်ကို လူစားဝင်ကစားစေခဲ့ပေမယ့်လည်း ၁ ဂိုး ဂိုးမရှိ ရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာပါ။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဂရေးလစ်ရှ်က ၂၅ မိနစ်စာအတွက် ဝယ်ယူထားတာ မဟုတ်ဘဲ ၅ နှစ်၊ ၆ နှစ်လောက်အထိအတွက် ဝယ်ယူထားတာဖြစ်ပြီး မကြာခင် အကောင်းဆုံးခြေစွမ်းရရှိမှာဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
“ကျနော်တို့ သူ့ကို ကူညီပေးဖို့လိုပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ပြသခွင့်ပြုရမှာပါ။ သူ လာခဲ့တာ ၂၅ မိနစ်စာအတွက် မဟုတ်ပါဘူး။ ၅ နှစ်၊ ၆ နှစ်စာအတွက် ဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်း ကောင်းမွန်ခဲ့ပါတယ်။ ပြိုင်ဘက်ခံစစ်တန်းကို နိုင်လိုစိတ်အပြည့်နဲ့ ထိုးဖောက်ဝင်ရောက်ပြီး သူ့ခြေထဲမှာ ဘောလုံးရှိတိုင်း ကစာသမား ၃ ယောက်က ဝိုင်းရံထားတာပါ။ တဆင့်ပြီးတဆင့်နဲ့ အကောင်းဆုံးခြေစွမ်းရလာပါလိမ့်မယ်” လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။