close

တရုတ်-မြန်မာနယ်စပ်မြို့ မုံးကိုးအနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲထပ်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ တရုတ်-မြန်မာနယ်စပ်မြို့ မုံးကိုးအနီးက မန်ဂျေရွာဘက်မှာ စစ်ကောင်စီနဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်)တို့အကြား ဩဂုတ် ၂၆ ရက်‌ညက တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မန်ဂျေဘက် ဖြစ်တာ။ ညနေ ၆ နာရီ ၁၀ မိနစ် ခန့်က။ စစ်ကောင်စီနဲ့ ညီနောင် ကိုးကန့်တို့ မိနစ် ၃၀ လောက် ဖောက်နေကြတယ်။" မုံးကိုးမြို့ခံ တစ်ဦးက ပြောပါတယ်။

မုံးကိုးမြို့ထဲတော့ ဘာမှ မဖြစ်ပေမယ့် တိုက်ပွဲဖြစ်ပွားတဲ့ဘက်က မန်ဂျေရွာမှာတော့ ထိခိုက်ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေကိုတော့ ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။

မန်ဂျေရွာခံ အမျိုးသမီး တစ်ဦးက  "ပစ္စည်းတွေသိမ်းနေတယ်။ ရှာကလူတွေ မရှောင်သေးဘူး။ ရွာထဲကနေလည်း ပစ်နေတာ။ ခုလို စစ်မဖြစ်တာကြာပြီ။ တစ်လလောက်ရှိပြီ။ ညကမှ ပြန်ဖြစ်တာ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာလည်း မုံးကိုး ဖောင်းဆိုင် ဒေသဘက်မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်လာခဲ့တာကြောင့် ဇူလိုင်လ ၃ ရက်နေ့ကစ ဖောင်းဆိုင်၊ မန့်ယန်နဲ့ ဘန်မွေ့ စတဲ့ရွာတွေက ရွာခံ ၂၀၀ ကျော် လက်ရှိထိ မြန်မာ - တရုတ်နယ်စပ်ရှိ လောက်တဲန့် ဆိုတဲ့ရွာငယ်မှာနဲ့ နီးစပ်ရာ တောစပ်တွေမှာတဲထိုး တိမ်းရှောင်နေကြရတယ်လို့ ဖောင်းဆိုင်ရွာခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ အဲဒီစစ်ရှောင်စခန်းဘက် ရိက္ခာသွားရောက် ထောက်ပံ့လို့ရတဲ့ လမ်းကြောင်းအားလုံးကို စစ်ကောင်စီဘက်က တားဆီးပိတ်ဆို့ထားပြီး အစားအသောက်၊ ဆေးဝါးနဲ့ မိုးကာတွေ အရေးကြီး လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိ မုံးကိုးက ကျေးရွာတချို့ရဲ့ စားနပ်ရိက္ခာ လမ်းကြောင်း‌တွေကိုလည်း စစ်ကောင်စီက ဖြတ်တောက်ထားလို့ ဒေသခံ‌‌တွေ စားနပ်ရိက္ခာအခက်အခဲရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး အထူးဒေသ ၁ မုံးကိုးခရိုင် အမှုဆောင်အဖွဲ့က စားနပ်ရိက္ခာလမ်းကြောင်းအတွက် ဖြေရှင်းပေးမှာ ဖြစ်ကြောင်း ဩဂုတ် ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးပညာပေး အစည်းအဝေးမှာ ဒေသခံတွေကို ပြောကြားခဲ့တယ်လို့  ကိုးကန့်သတင်းဌာနက ဖော်ပြထားပါတယ်။

မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နဲ့ အနီးအနား ရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ MNDAA တို့အကြား ဩဂုတ်လဆန်းကတည်းက လက်ရှိထိ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲကြောင့် အဆောက်အအုံတချို့ ကျည်ထိမှန်ပျက်စီးခဲ့ကာ ကောင်းစထီး၊ ဖိုင်ကောင်း၊ ကောင်ရာ၊ ခါ့လျန်၊ မန်ဂျေ၊ နမ့်ဟူး၊ ကောင်းဝိုင်၊ ရေပူစမ်းစတဲ့ ရွာ ၈ ရွာက ဒေသခံ ၁၄၀၀ ကျော်  မြန်မာ-တရုတ်နယ်စပ် လယ်ကွင်း၊ ဝမ်တိန်ချောင်းစပ်နားမှာ ယာယီ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up