close

ဖာပွန်ခရိုင်တွင် KNLA နှင့် စစ်ကောင်စီတပ် ၁၅ ရက်အတွင်း တိုက်ပွဲ ၅၆ ကြိမ်ဖြစ်ပွား

ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင် ကေအန်ယူ မူတြော်ခရိုင်အတွင်း စစ်ကောင်စီ တပ်နဲ့‌ ကေအန်အယ်လ်အေတို့ သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း တပ်မဟာ ၂ နယ်မြေမှာ စစ်ကောင်စီက စစ်အင်အား တိုးချဲ့နေတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သြဂုတ် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက စစ်အင်အားနဲ့ လက်နက်ခဲယမ်း ပိုမို​ဖြည့်တင်းတာ၊ နယ်မြေတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားတာ၊ စခန်းတည်ဆောက်တာတွေကြောင့် နေစဥ်တိုက်ပွဲဖြစ်ပွားနေတာလို့ ကေအန်ယူသတင်းဌာနက သြဂုတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ  ၃၄ ဦး၊ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့သလို ကေအဲန်အယ်လ်အေ တပ်မဟာ ၅ ဖက်က ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ​ဒေသခံပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၈၈ လုံး၊ လက်နက်ငယ် ၁၅၀၀ လုံးဟာ ​ဒေသခံတွေရဲ့ ကျေးရွာအတွင်းနဲ့ လယ်မြေ၊ ဥယျာဥ်ခြံတွေထဲ ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။

ကေအန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ အတွင်း တိုက်ပွဲတွေ ဆက်လက်ပြီးပိုမို ပြင်းထန်လာနိုင်တယ်လို့ ကေအန်အယ်လ်အေ တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောဆိုထားပါတယ်။

ဇူလိုင်လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၁၃၄ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး အရှင်ဖမ်းမိပြီး၊ ၁၁၅ ဦးသေဆုံးကာ ၁၀၁ ဦး ဒဏ်ရာရရှိခဲ့သလို ကား ၂ စီးပျက်စီးပြီး မြင်း ၂ ကောင်သေဆုံးခဲ့ကာ  ၄ ကောင်ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါ ​​သေးတယ်။

ကေအန်ယူ ​တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းမှာလည်း စစ်ကောင်စီရဲ့တပ်တွေက လက်ရှိ အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေ ပိုမိုပြုလုပ်လာတဲ့အပြင်  နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာအနီးမှာ ဝင်ထွက်သွားလာနေတဲ့အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ စနေကုန်းရွာ ဒေသခံ ရွာသူရွားသားတွေဟာ တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၄ ရက်နေ့က စတင်ပြီး တောင်ငူ-ဘောကလိလမ်းပိုင်းမှာ နေ့စဥ် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အ​ပြင် စစ်ယာဥ်တန်းကိုပါ  မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရရှိခဲ့သလို မော်တော်ယာဥ်တွေပါ ထိခိုက်ပျက်စီးခဲ့တာတွေရှိခဲ့တဲ့အတွက် အခုလို စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စ​နေကုန်းရွာသား ဒေသခံတစ်ဦးက "EAO တွေဘက်ကလည်း မနေနဲ့လို့ပြောထားတယ်။ ဒီကောင်တွေက သိတဲ့အတိုင်းပဲလေ။ သူတို့ကို ဘာအပြစ်မရှိလဲ လိုက်လုပ်မှာပဲ။ အခုက ရွာသားတွေက ခြံထဲမနေရဲဘူး။ တိမ်းရှောင်နေရတယ်"လို့ ဆိုပါတယ်။ 

လက်ရှိချိန်မှာ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီဘက်က အင်အားပိုမိုဖြည့်တင်း​ပြီး လှုပ်ရှားလာနေတဲ့အတွက် တိုက်ပွဲ​တွေ ပိုမိုပြင်းထန်းလာနိုင်တယ်လို့ တပ်မဟာ၂ တပ်မှူးတစ်ဦးက သတိပေးပြောဆိုထားပါတယ်။ 

ဒေသခံတွေအနေနဲ့ တောင်ယာစပါး၊ ချဥ်ပေါင်ဖာလာ၊ ဒူးရင်း၊ ငှက်ပျော စတဲ့ ဥယျာဥ်ခြံ လုပ်ငန်းခွင်​တွေကနေ စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့အတွက် စားသောက်ရေးအပြင် မိုးတွင်းကာလ နေထိုင်ရေးနဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့ စစ်ရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်လူငယ်တစ်ဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up