Pray for Myanmar ဓာတ်ပုံပြပွဲ တိုကျိုတွင်ကျင်းပ








နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် ဂျပန်လူမျိုးနာမည်ကြီးဓာတ်ပုံဆရာ တခဟီရိုဆန်ဒရဲ့ ဓာတ်ပုံပြပွဲကို ဩဂုတ် ၂၆ရက်က စတင်ကာ တိုကျိုမြို့ Portrait Gallery မှာ ကျင်းပနေပါတယ်။
ဓာတ်ပုံတွေကတော့ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အကြား မြန်မာနိုင်ငံတဝန်းက တိုင်းရင်းသားပြည်သူတွေရဲ့ ရိုးရာဓလေ့နေထိုင်မှုဘဝပုံတွေ ဖြစ်ပါတယ်။
လက်ရှိဂျပန်သတင်းတွေမှာ စစ်တပ်ရဲ့ အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူတွေဘဝကို တွေ့မြင်နေရတဲ့ ဂျပန်ပြည်သူတွေကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း တိုင်းရင်းသားမြန်မာနိုင်ငံသားတွေရဲ့အေးချမ်းသာယာမှုကို သိမြင်စေချင်လို့ အခုလို ပြပွဲကျင်းပရတာပါလို့ ပြပွဲစီစဉ်သူတဦးဖြစ်တဲ့ မစန္ဒာမေက ပြောပါတယ်။
တိုကျိုမြို့နေမဖြူဖြူကတော့ “ အခု ဓာတ်ပုံပြပွဲကို ကြည့်ရင် ကျမတို့မဲပေးတင်မြှောက်ခဲ့တဲ့ အမေဒေါ်အောင်ဆန်းစုကြည်လက်ထက် တိုင်းရင်းသား မြန်မာပြည်သူတွေ အရမ်းစိတ်အေးချမ်းစွာ သွားလာနေထိုင်သွားကြရသလို ကမ္ဘာလှည့်ခရီးသည်တွေလည်း အများကြီးလာခဲ့ကြတယ်။ ဒါတွေကိုမှတ်တမ်းတင်ထားတဲ့အတွက်ဓာတ်ပုံဆရာကိုလည်း ကျေးဇူးတင်တယ်။ ဓာတ်ပုံတွေထဲကလိုပဲ အရင်လို မြန်မာပြည်အမြန်ဆုံး အေးချမ်းပြီး အမေစုအပါအဝင် ဖမ်းဆီးထားသူတွေလည်း အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းမိပါတယ်”လို့ပါတယ်။
ဂျပန်မှာထင်ရှားတဲ့ ဓာတ်ပုံဆရာတဦးဖြစ်တဲ့အတွက် ဂျပန်လူမျိုးအများအပြား လာရောက် ကြည့်ရှူတာတွေ့ခဲ့သလို ဂျပန်ရောက်မြန်မာနိုင်ငံသားများလည်း လာရောက်ကြည့်ခဲ့ ကြပါတယ်။
အခုပုံတွေကြည့်ပြီး လာကြည့်တဲ့ဂျပန်တွေလည်းကျမလိုပဲ Pray for Myanmar ဆိုတဲ့အတိုင်း စစ်အာဏာရှင်အမြန်ဆုံးကျဆုံးပြီး အကြမ်းဖက်ခံနေရတဲ့မြန်မာပြည်သူတွေ အရင်လို အေးချမ်းပျှော်ရွှင်နေထိုင်ရတဲ့ ဘဝလေးတွေအမြန်ဆုံးဆုတောင်ပေးလိုက်ပါတယ်လို့လည်း လာရောက်ကြည့်ရှူသူ ဆိုင်တမခရိုင်နေ ဒေါ်ချိုချိုအေးက ပြောပါတယ်။
Pray for Myanmar ဓါတ်ပုံပြပွဲကို တိုကျိုမြို့ ယိုးစုယ ဘူတာအနီး Portrait Gallery မှာ တပတ်ကြာကျင်းပမှာဖြစ်ပြီး ပြပွဲမှရရှိတဲ့အကျိုးအမြတ် အားလုံးကို နွေဦးတော်လှန်ရေးအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ဓာတ်ပုံဆရာကရှင်းပြခဲ့ပါတယ်။