close

မင်းကင်းစစ်ဘေးရှောင်များ အမိုးအကာနှင့်ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပျူးစောထီးအဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် သင်တော‌ကျေးရွာ၊ ကျောက်ခဲတက်ကျေးရွာ၊ တုံကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အုံနှဲဘုတ်ကျေးရွာ၊ ဘင်ကျေးရွာ၊ အနောက်တောကျေးရွာက ဒေသခံတွေ  တောတောင်တွေထဲ ထွက်ပြေးနေရပြီး မိုးအဆက်မပျက်ရွာသွန်းနေတာကြောင့် အမိုးအကာနဲ့ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတာလို့ စစ်ဘေးရှောင်ကူညီကယ်‌ဆယ်ရေးပရဟိတအဖွဲ့တွေက ပြောပါတယ်။

စစ်ဘေးရှောင် ကျောက်ခဲတက်ရွာသားတစ်ဦးက “ကျနော်တို့ အခုလိုထွက်ပြေးတိမ်းရှောင်နေရတာက စစ်ကောင်စီတပ်နဲ့ သူတို့တပည့်‌ ပျူ စောထီးအဖွဲ့တွေ ရန်ကိုကြောက်ရလို့ပါ။  ကျေးရွာတွေဝင်လာပြီး တစ်ယောက်ယောက်ကို သတ်တော့မယ်ဆိုရင် PDF လိုလို၊ မိုးကြိုး မုန်းတိုင်းအဖွဲ့လိုလို ပုံမှားရိုက်ပြီး သတ်ပစ်တာ။ သူတိုလိုချင်တဲ့ပစ္စည်းမှန်သမျှအကုန်ယူတယ်။ သယ်မရတဲ့ အရာဆိုရင် ထုခွဲရိုက်ဖျက်ထားခဲ့ကြတာ။ အခုလိုထွက်ပြေးရတဲ့သူတွေထဲ အချင်းချင်းရှိတာလေး ခွဲဝေစားနေရတယ်ပေါ့။ အခုဟာက မိုးက ၃ ရက် ၄ ရက်လောက်အဆက်မပျက်ရွာနေတော့ လူတွေလည်း အတော်ဒုက္ခရောက်ကြရပြန်တယ်လေ။ ပိုဆိုးတာက ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းပါတော့ပိုဆိုးတာပေါ့။” လို့ ပြောပါတယ်။

လက်ရှိမှာ မိုးရွာပြီး အမိုးအကာမလုံခြုံတဲ့အပြင် ရာသီတုပ်ကွေးဖြစ်တဲ့သူတွေ များနေတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

မင်ကင်းမြို့နယ်အတွင်း ပန်းဆက်၊ တောင်ဖြူကျေးရွာက စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်ကြောင်းအတွင်းရော၊ ကုန်းပေါ်လမ်းတွေ‌အပေါ်ကရော နေစဉ်လိုလို ရှာဖွေတာပြုလုပ်နေပြီး ရွာသားအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်ပစ်သတ်တာတွေလည်း  ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ ၁၀၀၀ ဝန်းကျင်လောက်ရှိပြီး အများစုက အန်အယ်လ်ဒီပါတီကို ထောက်ခံသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up