close

မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်များ အစားအသောက် အခက်အခဲကြုံနေ

တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင်ဒေသဘက်မှာ တိုက်ပွဲရှောင်နေရတဲ့ ပြည်သူတွေ အစားအသောက် အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

ဆန်၊ ဆီ၊ ဆား နဲ့ အရေးကြီး အသုံးအဆောင်တွေ လိုအပ်ရင် တရုတ်ဘက်ခြမ်း ဖောင်းဆိုင်ဒေသခံ အမျိုးသမီးတွေဆီ အကူအညီတောင်းဝယ်ယူရကာ ပစ္စည်းတွေကို တရုတ်ဘက်ကနေ နှစ်နိုင်ငံ နယ်ခြားစည်းရိုးကျော်ပြီး မြန်မာဘက်ကို ပစ်ထည့်ပေးရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

“ဆန်တွေ၊ ဆီဘူးတွေက အမြင့်ကနေ ပစ်ပေးလိုက်တယ်ဆိုတော့ ပေါက်သွားတာတွေ၊ ပြဲသွားတာတွေ၊ ပျက်စီးတာတွေရှိတာပေါ့။ ခုဆို နောက်တစ်ထပ်(ခြံစည်းရိုး) ထပ်မြှင့်ထားလိုက်လို့ ပိုဆိုးပြီ။ ကြက်ဥတွေ၊ ဆီပုံးတွေကလည်း ကွဲတဲ့ဟာကွဲ ဒါပေမယ့် အဲလိုပဲ ဖြစ်သလို အသိတွေ အဲလို့ အကူညီပေးနေရတယ်။ တောင်ပေါ်မှာဆိုတော့ ဟင်းသီးဟင်းရွက် ရှာစားပြီး နေနေ ရတယ်။” 

ဒါ့အပြင် မုံးကိုးကနေလည်း ကားနှစ်စီးပဲ သွားခွင့်ပြုထားပြီး လူတစ်ဦးကို ဆန် လေး ငါးပြည်ထက် ပိုသယ်ယူခွင့် မရှိတာကြောင့် ဆန်တွေကို လျှော့ပြီး သယ်ယူနေရတယ်လို့ ဆိုပါတယ်။

“ဖောင်းဆိုင် စစ်ရှောင်တွေက မုံးကိုက ကားဆရာအတွက်ရော စစ်တပ်မှာ ခွင့်ပြုချက်တောင်းပြီး ဆန်တွေ သယ်ယူရတယ်။ အကယ်လို့ ဆန်ပို့ချင်တယ်ဆိုရင် မုံးကိုးမှာ ၂ စီးပဲ တက်လို့ရတယ်။ တခြားကားတွေကို သွာခွင့်မပြုဘူး။ အခုတော့ မုံးကိုဘက်က ၂ ခါရှိပြီ စခန်းမှူးကို ပြောပြီး စစ်ရှောင်တွေအတွက် စက်တင်ဘာလ ၂ ရက်နေ့က အိတ် ၃၀ မုံးကိုးက သယ်လာတာ ၁၀ အိတ်တော့ သူတို့ဆီမှာ ထားခဲ့ရတယ်။ အိတ် ၂၀ တော့ လာပို့တယ်။”

လက်ရှိ စစ်ဘေးဒုက္ခသည်တွေဟာ မိုးရာသီဖြစ်ပေမယ့် ဖြစ်သလိုတဲထိုးနေထိုင်ကြရပြီး အရှေ့ဘက်ပိုင်းဒေသ မန်ဆာ၊ ကျင်းထုံ၊ သာချိ၊ ဟူထူရှန်နဲ့ တရုတ်အစိုးရဘက်က  စားနပ်ရိက္ခာနဲ့ မိုးကာတွေ နည်းနည်း လာထောက်ပံ့တာ လောက်ပဲရှိတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ လှူဒါန်းထားတဲ့ မိုးကာ၊ အခင်း၊ စောင်၊ ရေပုံး နဲ့ အိမ်သုံးပစ္စည်းတွေ သယ်ယူခွင့်မရလို့ မုံးကိုးမှာပဲ သောင်တင်နေပြီး လတ်တလောမှာ ဆန်၊ ဆီ နဲ့ အစားအသောက် အဓိက အခက်အခဲ ကြုံနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ -၂၉ မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် မန်းယန်ရွာက စစ်ရှောင် ရာနဲ့ချီ တိမ်းရှောင်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေ ရှိတာကြောင့် နေရပ်မပြန်ရဲကြတော့ဘဲ  တရုတ်နယ်ခြားမိုင်တိုင် ၁၀၂ အနီး မြန်မာဘက်ခြမ်း ဘန်မွေး၊ မန်းယန်စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၁၇၀ ကျော် လာရောက်ရှောင်တိမ်း နေထိုင်နေကြတာလို့ သိရပါတယ်။

Pra Jaw

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up