အမေရိကန်နှင့်နေတိုး တပ်များကို လက်မခံရန် အာဖဂန်အိမ်နီးချင်းနိုင်ငံများကို ရုရှားဆော်ဩ

ဒီနှစ်အစောပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်သွားတဲ့ အမေရိကန်နဲ့ နေတိုးတပ်တွေကို နိုင်ငံထဲမှာ လက်ခံမထားဖို့ ရုရှားအစိုးရက အာဖဂန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို အောက်တိုဘာ ၂၇ ရက်မှာ ဆော်ဩလိုက်ပါတယ်။
အာဖဂန်ပိုင်နက်ထဲကနေ ထွက်သွားအပြီး အကွက်ရွှေ့ဖို့ စီစဉ်နေတဲ့ အမေရိကန်နဲ့ နေတိုးတပ်တွေ ကို ခွင့်မပြုကြဖို့ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဆော်ဩတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်က ပြောခဲ့တာပါ။
အာဖဂန်မှာ ထိရောက်တဲ့ လူမှုရေး၊ စီးပွားရေး အခြေခံအဆောက်အအုံတွေကို ထိန်းညှိဖို့၊ အမျိုးသား ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကို ဖန်တီးဖို့ဟာ ရန်ပုံငွေ အကြီးအကျယ် လိုအပ်လိမ့်မယ်ဆိုတာ ထင်ရှားတယ်။
အဲဒီအတွက် ဒီနိုင်ငံကို လက်ရှိ အခြေအနေဖြစ်အောင် လုပ်ခဲ့တဲ့ သူတွေက အဓိက တာဝန်ယူသင့်တယ်ဆိုတာ အလေးထား ပြောချင်ပါတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။