close

ရေစကြို ကျောင်း ၂ ကျောင်းတွင် တက်ရောက်သည့် ကျောင်းသားကျောင်းသူ လုံးဝမရှိ

နိုဝင်ဘာ ၁ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီက  ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် မကွေးတိုင်း ရေစကြိုမြို့ မအူအောက်ဆိပ်ကျေးရွာနဲ့ သဲတောကျေးရွာတို့မှာ တက်ရောက်တဲ့ ကျောင်းသား ကျောင်းသူ လုံးဝမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မအူအောက် ဆိပ်ကျေးရွာမှာ Non CDM ကျောင်းဆရာ ၃ ဦး၊ စာရေး ၁ ဦးနဲ့ အထွေထွေလုပ်သား ၁ ဦး စုစုပေါင်း ၅ ဦးသာ တက်ရောက်ခဲ့ပြီး ထန်းငယ်တောကျေးရွာမှာတော့ ဆရာ၊ ဆရာမ နှစ်ဦးသာ ကျောင်းလာတက်ခဲ့တယ်လို့ သိရပါတယ်။

မအူအောက်ဆိပ်ကျေးရွာဟာ အ.ထ.က ကျောင်းမှာ ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်း ၃၆ ဦးနဲ့ ကျောင်းသားကျောင်းသူ ၁၂၂၇ ဦးရှိတဲ့ ကျောင်းဖြစ်ပါတယ်။ သဲတောကျေးရွာကတော့ ကျောင်းဆရာ၊ ဆရာမ  ၂၇ ယောက်နဲ့ ကျောင်းသား ကျောင်းသူ ၆၀၅ ဦး ရှိတဲ့ ကျောင်းဖြစ်ပါတယ်။

နှစ်ကျောင်းလုံးမှာ လာရောက်တက်ရောက်တဲ့ ကျောင်းသူကျောင်းသား တစ်ဦးမှမရှိခဲ့ဘူးလို့ မိဘတစ်ဦးက ပြောပါတယ်။

“ကိုယ့်ကလေးကို ကျောင်းမထားနိုင်ဘူး။ ခုချိန်က ဗုံးကွဲမှာလား၊ ကိုဗစ်ပဲ ဖြစ်မှာလားလည်း မသိဘူး။ စာမတတ်တာ နောက်မှသင်လို့ရတယ်၊ အသက်သေသွားရင် ဆေးကုလို့မရဘူး၊ ပရုတ်ဆီလိမ်းလို့ ပျောက်တဲ့ကိစ္စတွေမှမဟုတ်တာ။ ငါတို့အစိုးရ ပြန်တက်တော့မှပဲ ကိုယ့်သားသမီးတွေကို ကျောင်းပြန်ထားတော့မယ်။ ငါတို့တွေကလည်း ပညာအတတ်ကြီးမဟုတ်ပေမဲ့ ကိုယ်တတ်သလောက်မှတ်သလောက်တော့ ကိုယ့်ကလေးတွေကိုယ် ရေးတတ် ဖတ်တတ်အောင် ပြန်သင်ပေးနေတယ်။ ကျောင်းမထားရလို့ ဘယ်လိုနေလဲဆိုတော့ အားရတယ်၊ ကျေနပ်တယ်။ စာမသင်ရလို့ မဟုတ်ဘူးနော်၊ ဟိုအကောင်တွေကို အသိအမှတ်မပြုနိင်လို့။”

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်းက မြို့နယ်အတော်များများမှာ အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့  ကျောင်းတက်သူ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up