နည်းပြနူနိုဆန်းတို့စ်ကို ထုတ်ပယ်ပြီးနောက် ကွန်တီကို တစ်နှစ်လုပ်ခ ပေါင် ၁၃ သန်းဖြင့် စပါးအသင်း ကမ်းလှမ်း

စပါးအသင်းဟာ အီတလီနည်းပြ ကွန်တီကို တစ်နှစ်လုပ်ခပေါင် ၁၃ သန်းပေးချေပြီး ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ပေါ်တူဂီနည်းပြ နူနိုဆန်းတို့စ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ ချဲလ်ဆီးနဲ့ အင်တာမီလန်နည်းပြဟောင်း ကွန်တီကိုခေါ်ယူဖို့ စပါးအသင်းက ကြိုးပမ်းနေတာပါ။
လက်ရှိအချိန်မှာ နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေပြုလုပ်နေပြီး တစ်နှစ်လုပ်ခပေါင် ၁၃ သန်း ပေးချေမှာဖြစ်ကာ ၁၈ လစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးညှိနိူင်းနေတယ်လို့ သိရပါတယ်။
ကွန်တီနဲ့ အကြမ်းအားဖြင့် သဘောတူညီမှုရရှိထားပြီး လုပ်လစာ၊ စာချုပ်သက်တမ်းနဲ့ ကစားသမားခေါ်ယူမှု အပိုင်းတွေကို ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
စပါးအသင်းဟာ နည်းပြ နူနိုဆန်းတို့စ်ကို မခန့်အပ်ခင် ရာသီအစကတည်းက ကွန်တီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပြီး အဆင်မပြေဖြစ်ခဲ့ရတာပါ။
လတ်တလောသတင်းတွေအရတော့ နည်းပြကွန်တီဟာ နိုဝင်ဘာ ၁ ရက်နေ့က လန်ဒန်ကိုရောက်ရှိ လာခဲ့ပြီး အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။