close

ရေစကြို PDF အထူးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း ရေစကြိုမြို့ ကမ်းနားလမ်း စစ်မှုထမ်းဟောင်းရုံးအနီးမှာ နိုဝင်ဘာ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်က ရေစကြိုမြို့ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အမြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ PDF အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရေစကြို PDF အထူးတပ်ဖွဲ့ဟာ တိုက်ပွဲဆင်နွှဲဖို့ မြို့တွင်းကို ချဉ်းကပ်လာစဉ် ကမ်းနားအရောက်မှာ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်မှုထမ်းဟောင်း ဦးမြင့်ဆိုသူက သတင်းပေးခဲ့တာကြောင့် အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး  စစ်ကောင်စီဘက်က တပ်ကူတွေ ထပ်မံရောက်ရှိလာတဲ့အတွက် အထူးတပ်ဖွဲ့က ဆုတ်ခွာခဲ့တယ်လို့ PDF က ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဗုံးပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ အနီးဝန်းကျင်ဒေသခံ တဦးက ပြောပါတယ်။

"ညက ကမ်းနားနားမှာ တိုက်ပွဲဖြစ်ကြတာ ဆက်တိုက်ပဲ ပစ်သံတွေကြားရတယ်။ စခနဲ့ရခဘက်က လက်နက်ကြီးတွေနဲ့ထုတာ တမြို့လုံးကို တုန်တုန်သွားတာ။ ကမ်းနားလမ်းကလူတွေလည်း အကုန်ကြောက်နေကြရတာ။ ဘယ်အချိန် အိမ်ထဲကို ကျည်ဆန်ကြီးဖောက်ဝင်လာမလဲလို့၊ တချို့အိမ်တွေလည်း အဲ့လိုဖောက်ဝင်တာ သေနတ်မှန်တဲ့အိမ်တွေရှိတယ်။ အုန်း အုန်း နဲ့ နေတာပဲ၊ အိမ်တွေပါ ပြိုကျပြီထင်နေတာ" လို့ အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ရေစကြို PDF တပ်ဖွဲ့ဘက်က ထိခိုက် ဒဏ်ရာရရှိသူမရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် ရေစကြိုမြို့နယ်အတွင်းက တပ်တွေရှေ့မှာ ဖြတ်သန်းသွားလာသူတွေကို စစ်သားတွေက ဖမ်းဆီးရိုက်နှက် အကြမ်းဖက် ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက်က အဲ့ တပ်မတွေရှေ့မှာ ဖြတ်သွားတော့ ဒီတိုင်းပဲ သူတို့ စစ်နေကျအတိုင်းစစ်တယ်ပဲ ထင်နေတာ၊ ဘာမှ မသင်္ကာစရာ မပါလည်း ဖမ်းတယ်၊ ငွေပေးမှပြန်လွှတ်ပေးတယ်။ ပါသလောက်ပေးရတာ ငါးသိန်းပါရင် ငါးသိန်း၊ ဆယ်သိန်းပါရင်ဆယ်သိန်း၊ မပါရင်လည်း လွှတ်ပေးအောင်လို့ အိမ်ကလူကိုလာပို့ခိုင်းရတာမျိုး၊ တခြားသူတွေဆိုရင် ဖမ်းတယ်၊ ငွေမပေးရင် ရိုက်တယ် နှက်တယ်၊ နှိပ်စက်တယ်၊ အဲ့တပ်တွေရှေ့က မဖြတ်ဘဲ ဘယ်မြို့ကိုမှ သွားလို့မရဘူး၊ လမ်းက ဒီလမ်းတွေပဲရှိတာ။ အမြဲတမ်း ခရီးသွားတွေကို နှိပ်စက်နေတာ၊ ပိုက်ဆံတောင်းနေတာက ဓားပြ သူခိုးတွေလိုပဲ” လို့ ငွေကြေးတောင်းခံ ခံရသူတစ်ဦးက ပြောပါတယ်။

ရေစကြိုမြို့ ဖူလုံကျေးရွာအနီးမှာ မြို့ဝင်လမ်းခွဲနှစ်ခုမှာ ၂၅၆၊ ၂၅၇၊ ၂၅၈  တပ်ရင်း ၃ ခု ရှိပြီး ဖမ်းဆီးငွေကြေး တောင်းခံတာတွေ ပြုလုပ်နေတာလို့ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up