close

ဘားအံမြို့နယ်တွင် လူ ၅ ဦးထက် ပိုစုဝေးခြင်းမပြုရန် ပုဒ်မ ၁၄၄ ထုတ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကို  ရာဇဝတ်ကျင်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်လိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဘားအံနယ်နိမိတ်အတွင်း အများပြည်သူရဲ့လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ ပြုမူဆောင်ရွက်နေတာတွေ့ရှိရတဲ့အတွက် အများပြည်သူရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေး အပြင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားနိုင်တယ်လို့ ယူဆတဲ့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်လုပ်တာတွေကို တားမြစ်လိုက်ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် လူ ၅ ဦး သို့မဟုတ် ၅ ဦး အထက် ပိုတဲ့ သူတွေ ဘားအံမြို့နယ်အတွင်း လမ်းမကြီးများ၊ လမ်းသွယ်၊ လမ်းကြား ဥယျာဉ် သို့မဟုတ် ပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို စုဝေးခြင်းမပြုဖို့ နဲ့ ည ၁၀ နာရီ မှ မနက် ၄ နာရီ အချိန်အတွင်းကို ညမထွက်ဖို့ လည်း ထုတ်ဆင့်ကြောင်း ဖော်ပြပါတယ်။

တခြားပြည်နယ်နဲ့တိုင်းတွေက မြို့နယ်တချို့မှာလည်း စစ်ကောင်စီက လူ ၅ ဦးထက် ပိုမစုဖို့ အမိန့်ထုတ်ထားသလို၊ စစ်ကောင်စီ ကျန်းမာရေးဌာနက လူ ၁၀၀ ထက်ပိုစုဝေးပါက အရေးယူမယ်လို့  အမိန့်ထုတ်ထားပေမဲ့ အကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွေကိုတော့ လူအင်အားအများအပြားနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up